#Local_News
Published 17 October 2026
■ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောမှုအား ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ လက်ရှိတွင် တမံ၏ကြံ့ခိုင်မှုအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
■ မမြရေလှောင်တမံ၏ တမံထိပ်ပြင်နိမ့်ကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ တမံအခြေမြေသားထောက်ခြင်းလုပ်ငန်းများ၊ မြေသားတမံအား ပိုမို အားဖြစ်စေရန်အတွက် မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ်ကျောက်ရိုး (Rock Toe) တည်ဆောက်၍ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ၊ သိုလှောင်ရေလျော့ချခြင်းလုပ်ငန်းများကို စက်ယန္တယားများအသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
■ တမံအောက်ပိုင်းအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းလုပ်ငန်းကို မြေတူးစက် ၄ စီး၊ မြေထိုးစက် ၃ စီး၊ မြေသယ်ယာဉ် ၇ စီးတို့ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေအထိ စုစုပေါင်းအလျား ၃၃၀ ပေ၊ ထိပ်ဝအကျယ် ၆၀ ပေနှင့် အမြင့် ၁၂ ပေ ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။
■ မမြရေလှောင်တမံ၏ ယမန်နေ့ညနေ ၆ နာရီအချိန် ရေမှတ်မှာ ၃၀၇ဒဿမ ၆ ပေဖြစ်သဖြင့် မူလ ယခင်ရေမှတ်ထက် ၇.၃ ပေ လျော့နည်းလာကြောင်း၊ အရေးပေါ်ရေလွှဲမြောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြောင်းကြမ်းပြင်နှိမ့်ချခြင်း၊ အကျယ်ချဲ့ထွင်ခြင်းလုပ်ငန်းများကို စက်ယန္တရား ကြီးများဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ တမံ၏ကြံ့ခိုင်မှုအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times