#Local_News
Published 17 June 2026
■ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့က ပြင်ဦးလွင်မြို့၊ Hotel Spring ၌ ကျင်းပပြုလုပ်ခဲ့သည့် "မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း" (MTA) ၏ စတုတ္ထကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ဥက္ကဋ္ဌ ဦးကျော်သူ တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
■ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် MFVP ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ အသင်း၏ ညီနောင်အသင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MTA) နှင့်အတူ လက်ဖက်ကဏ္ဍအပါအဝင် မြန်မာ့သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် ကဏ္ဍအရည်အသွေးမြင့်မားလာစေရေး၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များ ပိုမိုခိုင်မာစွာ ချိတ်ဆက်နိုင်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိခင်အသင်းကြီးအနေဖြင့် အစဉ်တစိုက် ဝန်းရံပံ့ပိုးကူညီသွားမည့် အခြေအနေများကို အလေးပေး ပြောကြားခဲ့ကာ MTA အသင်းမဖြစ်ခင် လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ အဖြစ် စတင်လှုပ်ရှားခဲ့စဉ်က workshop တစ်ခုတွင် စုပေါင်းရိုက်ကူးထားသောလက်ဖက်အဖွဲ့သားများ၏ဓာတ်ပုံအား အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်းသိရသည်။
■ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက ပြီးခဲ့သည့်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြခဲ့ကြပြီး၊ ရှေ့ဆက်လုပ်ငန်းစဉ်များ ဆွေးနွေးရန်အတွက်လုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ အဆိုပါ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ MTA ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဒေသအသီးသီးမှ လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာပြုလုပ်ခဲ့ပါသည်။
■ မြန်မာနိုင်ငံ လက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းသည် ယခု၂၀၂၆ ခုနှစ်ဧပြီလအတွင်း (၂၀၂၆-၂၀၂၉) သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲကို MFVP ၏ ကြီးကြပ်မှု ဖြင့်ဆောင်ရွက်ခဲ့ပြီး (၂၀၂၆-၂၀၂၉) သက်တမ်း အလုပ်အမှုဆောင်အဖွဲ့ တွင် ဥက္ကဌ အဖြစ် ဦးရဲထွဋ် နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်(၁၃)ဦး ပါဝင်သည့် ဗဟို အလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် (၄၉) ဦး ကိုရွေးချယ်တင်မြှောက်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times