#Local_News
Published 24 June 2026

■ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၉ ဒသမ ၅ ရာခိုင်နှုန်းရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောသည်။

■ ယမာန်နေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့
၌ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးအောင်လှထွေး၏ လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှု၊ အခွန်ကောက်ခံမှုယန္တရားတွင် နည်းပညာနှင့် လူအင်အားလုံလောက်မှု ရှိ၊ မရှိ၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ ရရှိမှု ရှိ၊ မရှိနှင့် နိုင်ငံတော်အခွန်ဘဏ္ဍာပိုမိုရရှိအောင် ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

■ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က
လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှုနှင့် ရသင့်ရထိုက်သော အခွန်ငွေများရရှိရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ အခွန်အကောက်စနစ်တွင် ပြည်ထောင်စုအဆင့်တွင် ကောက်ခံရရှိသည့် အခွန်အကောက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဆင့်တွင် ကောက်ခံရရှိသည့် အခွန်အကောက်နှင့် စည်ပင်သာယာရေးအဖွဲ့အဆင့်တွင် ကောက်ခံရရှိသည့် အခွန်အကောက်ဟူ၍ အဆင့် ၃ ဆင့် ဖွဲ့စည်းထားပါကြောင်း၊နှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေ နှိုင်းယှဉ်ချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ကောက်ခံရရှိသည့် အခွန်အကောက်ရငွေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၄၉၁၂ ခန့်ရရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ဘီလီယံ ၁၄၀၇၀ ကောက်ခံရရှိခဲ့သည့်အတွက် အခွန်အကောက်ရငွေ ၃ ဆခန့် တိုးတက်ရရှိခဲ့ပါကြောင်း၊ ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၈ ဒသမ ၅၅ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၉ ဒသမ ၅ ရာခိုင်နှုန်းရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။
 
■ ထို့အပြင် နည်းပညာတိုးချဲ့ကျင့်သုံးနိုင်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် နည်းပညာဆိုင်ရာဌာနခွဲကို ဌာနခွဲတစ်ခုစီ သီးခြားထည့်သွင်းဖွဲ့စည်းထားရှိခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းမှတ်ပုံတင်ခြင်း စနစ် (e-Registration Management System)၊ အီလက်ထရောနစ် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing Management System)၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြစ်သည့် m-Banking၊ e-Banking ၊ i- Banking ၊ Mobile Payment IRD’s Tax Payment Hub ၊ Mobile Payment တို့ဖြင့် အခွန်ငွေများပေးဆောင်နိုင်ရန် စီမံဆောင်ရွက်ထားခြင်း၊ အကောက်ခွန်ဦးစီးဌာနတွင် မြန်မာအလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) ကို အသုံးပြုပြီး Internet Banking / Mobile Banking မှတစ်ဆင့် အကောက်ခွန်နှင့် အခြားအခွန်အခများ ပေးဆောင်နိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၎င်းက ဆိုသည်။

■ ၎င်းအပြင် အခွန်ဘဏ္ဍာပိုမိုရရှိစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ စီးပွားရေးလုပ်ငန်းစာရင်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီစာရင်းများနှင့် တိုက်ဆိုင်စိစစ်ပြီး အခွန်ထမ်းသစ်များ ဖော်ထုတ်ခြင်း၊ မိုဘိုင်းဖုန်း ဟန်းဆက်များကို နည်းပညာအသုံးပြု၍ မှတ်ပုံတင်စေသည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မော်တော်ယာဉ်ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အီလက်ထရောနစ် ဝန်ဆောင်မှုစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိခြင်း၊ အခွန်ရငွေပိုမိုတိုးတက်ရေး၊ အခွန်စည်းကြပ်ရာတွင် မျှတမှုဖြစ်စေရေး၊ အခွန်မှူးများ၏ လုပ်ပိုင်ခွင့်ကို လျှော့ချကန့်သတ်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရေးတို့အတွက် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ်ကို တိုးချဲ့ကျင့်သုံးဆောင်ရွက်ခြင်း၊ အခွန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးများနှင့် အီလက်ထရောနစ် ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီပေးရေး စင်တာဖွင့်လှစ်ဆောင်ရွက်ခြင်း၊ အခွန်ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး အခွန်ပညာပေးရှင်းလင်းပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခွန်ယဉ်ကျေးမှု ပိုမိုခိုင်မာလာစေရေးနှင့် အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်တာဝန်ကို ကြည်သာပျူငှာစွာ ထမ်းဆောင်လာစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ဖြေကြားခဲ့ ကြောင်းသိရသည်။

#YMG/NN #Yangon_Times