#Local_News
Published 17 June 2026

■ ရန်ကုန်မြို့တွင် ယခုလအတွင်း ပြုလုပ်မည့်Agritech Myanmar 2026 ပြပွဲ ၌ သစ်သီးသွင်းကုန်လုပ်ငန်းရှင်များကိုလည်း လာရောက်ချိတ်ဆက်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရသည်။

■ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) အနေဖြင့် အဓိက ပံ့ပိုးကူညီသူ (Major Supporter) အဖြစ် ပါဝင်ဆင်နွှဲမည့် Agritech Myanmar 2026 ပြပွဲကြီး ကို ဇွန်လ ၂၆ရက်မှ ၂၈ရက် နေ့အထိ ရန်ကုန်မြို့ရှိ YCC တွင်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

■ အဆိုပါ ပြပွဲတွင် MFVP အသင်းသူ/အသင်းသားများအနက် တောင်သူငယ်များ (Smallholder Growers) နှင့် အသေးစားနှင့်အလတ်စား သစ်သီးဝလံ MSME လုပ်ငန်းရှင်များ၏ မိုးရာသီပေါ်သစ်သီးဝလံများကို ခင်းကျင်းပြသချိတ်ဆက်ရောင်းချသွားမည်ဖြစ်သည်။

■ ထို့အပြင် မိုးရာသီပေါ် သစ်သီးဝလံများ - သရက်သီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ နာနတ်သီး ၊ မင်းကွတ် အစရှိသည့်လတ်ဆတ်သည့် သစ်သီးတွေကို ပြပွဲအထူးစျေးနှုန်း (Special Price) များနဲ့ တိုက်ရိုက် ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။

■ အစုအဖွဲ့သစ်များအား အထူးမိတ်ဆက်ခြင်း အနေဖြင့် (Special Introduction to Small Clusters) - ကဏ္ဍအလိုက် ပိုမိုအားကောင်းလာစေဖို့ မြန်မာငရုတ်သီး အစုအဖွဲ့ (Chili Cluster) နှင့် ဟင်းသီးဟင်းရွက် အစုအဖွဲ့ ( Vegetable Cluster) နှင့် Organic Coffee တို့ကိုလည်း အထူးတလည် မိတ်ဆက်ပြသသွားမည်ဖြစ်ပြီး လုပ်ငန်းချိတ်ဆက်မှုများ လာရောက်ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။

■ ၎င်းအပြင် သွင်းကုန်သစ်သီးများအဖြစ်မြန်မာနိုင်ငံတွင်မစိုက်ပျိုးနိုင်ပေသော်လည်း သစ်သီးဝလံချစ်သူများနှစ်သက်သည့်ပန်းသီး၊ ကီဝီသီး၊ဘယ်ရီသီးစသည့် တင်သွင်းရန်လိုအပ်သည့်အတွက် သစ်သီးသွင်းကုန်လုပ်ငန်းရှင်များကိုလည်း လာရောက်ချိတ်ဆက်ပြသရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

■ MFVP Knowledge Sharing Seminar (အသိပညာပေး ဆွေးနွေးပွဲ ကဏ္ဍ) အဖြစ် ပြပွဲအတွင်း ကျင်းပမည့် စိုက်ပျိုးရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ၌ MFVP ၏ ကျွမ်းကျင်ပညာရှင် (၂) ဦးမှ စိတ်ဝင်စားဖွယ် ခေါင်းစဉ်များနှင့်ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times