#Local_News
Published 27 May 2026

■ လာမည့် နှစ်ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်ကြောင်းမိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရသည်။

■ ထို့အပြင် မွန်ပြည်နယ်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်းသိရသည်။

■ ၎င်းအပြင် ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်အ‌ရှေ့မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း ဆိုထားသည်။

■ ယနေ့ညနေအထိခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး နေပြည်တော်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။

#YMG/NN #Yangon_Times