#Local_News
Published 27 May 2026
 
■ လာမည့် ၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး တွင်  ပြောကြားလိုက်သည်။

■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

■ အစိုးရ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကို ဆောင်ရွက်သွားနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌ EAO အဖွဲ့အချို့နှင့်အောက်ခြေ အဆင့်များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်းနိုင်ငံတော် သမ္မတက ပြောသည်။

■ ယင်းအပြင် ပညာရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လည်း လိုအပ်မည်ဖြစ်သဖြင့် လာမည့် ၅ နှစ် တာကာလအတွင်း ထာဝရငြိမ်းချမ်း ရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

■ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မည်ကဲ့သို့ပင် ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လိုစိတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အားနည်းချက်များဖြစ်ပေါ်လျက်ရှိသည်ကို အလေးထား၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ်အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း သမ္မတက ပြောသည်။

■ ထို့အပြင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ဆောင်ရွက်ကြရန်လည်း အလေးထားမှာကြားခဲ့ကြောင်း သိရသည်။

■ ယခုအခါ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့သည်မှာ တစ်လခွဲကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံဆောင် ရွက်ရသည့်အခါ နိုင်ငံအတွက် အကျိုးရှိစေမည့် ပြောဆိုဆက်ဆံမှုများဖြစ်စေရန်၊ နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုရအောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့်ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆောင်ရွက်နိုင်ရန်အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အမှန်တကယ်အလုပ် လုပ်ကိုင်နိုင်စေရေး၊ လုပ်တတ်ကိုင်တတ်စေရေး ဖန်တီးပေးနိုင်ရမည်ဖြစ် ကြောင်း၊ ဗဟိုအစိုးရမှ ဖန်တီးပေးရမည်များရှိသကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ ဖော်ဆောင်ပေးရမည်များလည်းရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျင် ၎င်းတို့အနေဖြင့်ဝင်ငွေကောင်းလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံတော်အစိုးရအပေါ်တွင်လည်း ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

#YMG/PP #Yangon_Times