#Local_News
Published 23 June 2026

■ နေပြည်တော်မြို့တွင်း၌ အများပြည်သူအတွက်EV Bus ကားများအပါအဝင် ဘတ်စ်လိုင်းကားများပြေးဆွဲပေးနေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်ကပြောသည်။

■ ယမာန့်နေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့၌ ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၏ နေပြည်တော်ကောင်စီနယ်မြေတွင် အများပြည်သူ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်သည့် ဘတ်စ်လိုင်းကားများပြေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြန်လည်ဖြေကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

■ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က နေပြည်တော်တွင် လက်ရှိမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း)၏ ကြီးကြပ်မှုဖြင့် ရွှေသပြေ၊ ရွှေအောင်လံ၊ ရွှေပြည်သစ် ယာဉ်လိုင်း ၃ လိုင်းမှ Light Truck ယာဉ်များဖြင့် ပျဉ်းမနား-မြို့မဈေး၊ ပျဉ်းမနား-မြို့မဈေး-တောင်ညို၊ ပျဉ်းမနား-တပ်ကုန်း ခရီးစဉ်များသို့ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ တော်ဝင်ယာဉ်အသင်းက လမ်းကြောင်း (၄) ခုကို Bus ကားများဖြင့် ပြေးဆွဲလျက်ရှိပါကြောင်းနှင့် “ရာဇာမင်း” ခရီးသည်ပို့ဆောင်ရေးယာဉ်အသင်းက EV Bus ကားများဖြင့် မြို့တွင်းယာဉ်လိုင်းပြေးဆွဲနိုင်ရေ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့ ကြောင်းသိရသည်။

#YMG/NN #Yangon_Times