#Local_News
Published 21 May 2026

■ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယမာန် နေ့နံနက်ပိုင်းက တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး တူးဖော်ထိန်းသိမ်းထားရှိမှုနှင့် မြို့ရိုးအနီး ကျုံးကူးတံတားတည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

■ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မော်ကွန်းတံခါးနေရာအား မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန်၊ မူလတည်ဆောက်ခဲ့သော ကျုံးကူးတံတား၏ သစ်သားတိုင်များအား ရှာဖွေတွေ့ရှိခဲ့သော မူလနေရာတွင် ပြန်လည်တည်ဆောက်ရန်၊ တည်ဆောက်ရာတွင် သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ မူလပုံသဏ္ဌာန်အတိုင်း တတ်နိုင်သရွေ့ ရှာဖွေပုံစံထုတ်ရန်နှင့် ကြံ့ခိုင်အောင်ဆောင်ရွက်ရန် မှာကြားသည်။

■ ထို့နောက် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ မြဝတီတံခါး သုတေသနပြုတူးဖော်နေမှု၊ ယိုးဒယားပေါက်၊ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော မြို့လေးခံတပ်၊ ပုတ်တလုတ်ကန်၊ မန္တလေးငလျင်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ပြည်ကျောင်းတိုက် နှစ်ထပ်အုတ်ကျောင်း၊ နန်းတော်ရာနေရာ သုတေသနပြုတူးဖော်နေမှု၊ ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးနေရာနှင့် သစ်ရင်းတံခါးတူးဖော်သုတေသနပြု ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times