#Local_News

Published 09 August 2025

▪️တပ်ကုန်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား One Stop Service ဖြင့် ဆောင်ရွက်ပေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှသိရသည်။

▪️အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးခြင်းကို တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများက ပြုလုပ်လျှက်ရှိရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမာန်‌နေ့မနက်ပိုင်းကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

▪️ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများကဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

▪️ထို့နောက် တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးဝင်းအတွင်းရှိ Container House ၌ မြို့နယ်ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများစုပေါင်း၍ မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

▪️ယင်းနောက် မြို့နယ်ရုံးခန်းများအတွင်းရုံး စာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အဆိုပါရုံးခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံကာ စာရွက်စာတမ်းများနှင့် ရုံးပစ္စည်းများ၊ e-ID ဆိုင်ရာစက်ပစ္စည်း ကိရိယာများလုံခြုံမှုရှိစေရေး စစ်ဆေးကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ရန်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသွားသူများနှင့် အသက်ပြည့်မီသူများအား ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရန်၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန်နှင့် မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်စေရေးလုပ်ငန်းများ၌ ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်တို့ကိုမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့နယ်ရုံးဝန်ထမ်းများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times