#Local_News
Published 26 September 2025
▪️ အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက ပြောသည်။
▪️ ယမာန်နေ့ မနက် ၉ နာရီအချိန်က ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ကျင်းပခဲ့သည့်
(AFC) မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး၌ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အထိ (AFC) U-17 Women’s Asian Cup China 2026 Qualifiers ပြိုင်ပွဲ၊ အောက်တိုဘာ ၁၄ ရက်တွင် (AFC) Asian Cup Saudi Arabia 2027 Qualifiers ပြိုင်ပွဲ၊ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက် အထိ Asian Women’s Cham-pions League (AWCL) 2025 Group Stage ပြိုင်ပွဲ၊ နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ AFC U-17 Asian Cup Saudi Arabia 2026 Qualifiers ပြိုင်ပွဲများကျင်းပမည်ဖြစ်ပါကြောင်း ပြောကြားသည်။
▪️ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ လုံခြုံရေးကို ယခင်ဆောင်ရွက်ပေးသည်ထက် ပိုမိုဂရုစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ သွားလာ/နေထိုင်စားသောက်ရေး ကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များ၊ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားခဲ့ သည်။
▪️ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီမံရေးရာနှင့်လုံခြုံရေးဌာနတာဝန်ခံက Video Clip ဖြင့် ပြိုင်ပွဲအစီအစဉ်များကို ရှင်းလင်းပြသပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြသည်။
▪️ ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Asian Women’s Champions League (AWCL) 2025 Group Stage ပြိုင်ပွဲ ယှဉ်ပြိုင်အောင်နိုင်ရေးကိစ္စရပ်များကို ထပ်မံဖြည့်စွက်ပြောကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား သည်။
▪️ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times