#Local_News
Published 13 July 2026

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ မြို့မိမြို့ဖများနှင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။

■ အဆိုပါ တွေ့ဆုံပွဲတွင် မင်းဘူးမြို့၏ သမိုင်းကြောင်းနှင့် မြို့ပြဖွံ့ဖြိုးရေး၊ ဒေသတွင်း ပညာရေးနှင့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် အကျယ်တဝင့် လမ်းညွှန်မှာကြားခဲ့သည်။

■ ယခင်က ဧရာဝတီမြစ် ခြားနေသဖြင့် သွားလာရေး ခက်ခဲခဲ့သော မင်းဘူးမြို့သည် ယခုအခါ တံတားများ တည်ဆောက်နိုင်မှုကြောင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စနစ်ကျသော မြို့ပြစီမံကိန်း (Master Plan) ဖြင့် ဆက်လက်တည်ဆောက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

■ ဒေသခံ မြို့မိမြို့ဖများက ဧရာဝတီမြစ်ရေ တိုက်စားမှု ကာကွယ်ရေး၊ မင်းဘူး-အမ်း လမ်းပိုင်း အဆင့်မြှင့်တင်ရေး၊ ဆေးရုံအဆင့်မြှင့်တင်ရေးနှင့် လျှပ်စစ်မီး လိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများ ဆောင်ရွက်ပေးရန် တင်ပြခဲ့ကြသည်။

■ တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများအတွက် စိုက်ပျိုးမြေများကို အလွန်အကျွံ အသုံးပြုခြင်းမပြုရန်နှင့် စနစ်တကျ တွက်ချက်ဆောင်ရွက်ရန် ပြန်လည်ဆွေးနွေးခဲ့သည်။

■ ထို့ပြင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ တိုးတက်စေရန် မင်းဘူးဒေသတွင် စိုက်ပျိုးသည့် နှမ်းများကို တစ်ဧကလျှင် ပန်းတိုင်ရည်မှန်းချက် တင်း ၂၀ ထွက်ရှိအောင် ကြိုးပမ်းကြရန်နှင့် ဝါ၊ စပါး စသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

■ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ မင်းဘူးမြို့သည် ပညာရေးအခြေခံကောင်းမွန်သော မြို့ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

■ အသိပညာ အားနည်းမှုများကြောင့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ရသဖြင့် အနာဂတ် ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များကို အတွေးအခေါ်မှန်ကန်စေရန်နှင့် ပညာရေးကို အထူးအလေးပေး ပြုစုပျိုးထောင်ရန် လိုအပ်ကြောင်း သမ္မတက အလေးအနက်ထား ပြောကြားခဲ့ကာ မြို့မိမြို့ဖများထံသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

■ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မင်းဘူးခရိုင် အားကစားကွင်း အဆင့်မြှင့်တင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက် မကွေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မကွေး) တို့သို့ သွားရောက်ကာ တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။