#Local_News
ကွာလာလမ်ပူ၊ မလေးရှား — ဇွန်လ ၆ရက်
■ နံနက်အစောပိုင်းက ဂျလန်ကလန်လားမား (Jalan Klang Lama) ရှိ ကျူးကျော်အခြေချနေထိုင်ရာ နေရာတစ်ခုတွင် လူဝင်မှုကြီးကြပ်ရေးဌာန၏ စစ်ဆင်ရေး အတွင်း မလေးရှားရင်းဂစ် (RM) ၂၀၀ ဖြင့် ဝယ်ယူထားသည်ဟုဆိုသော UNHCR) ဒုက္ခသည် ကတ်အတုကိုင်ဆိုင်ထားသော ဆယ်ကျော်သက် မြန်မာနိုင်ငံသားတစ်ဦးကိုဖမ်းဆီးရမိခဲ့ ကြောင်း မလေးရှားသတင်းဌာနများကရေးသားသည်။
■ အသက် ၁၉ နှစ်အရွယ် မြန်မာလူငယ်သည် စစ်ဆင်ရေးအတွင်း စစ်ဆေးခံရသူများထဲမှ တစ်ဦးဖြစ်ပြီး၊ စစ်ဆေးမှုအတွင်း သူ့ထံမှ အတုဟု သံသယရှိသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကတ်တစ်ကတ်ကို လူဝင်မှုကြီးကြပ်ရေးအရာရှိများက တွေ့ရှိခဲ့ကြောင်း သိရသည်။
■ စစ်ဆေးမေးမြန်းရာတွင် ယင်းလူငယ်က ၎င်းကတ်ကို လွန်ခဲ့သော တစ်နှစ်ခန့်က သူငယ်ချင်းတစ်ဦးထံမှ မလေးရှားရင်းဂစ် ၂၀၀ ပေး၍ ရယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ “ဒီကတ်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပေးတာပါ။ အဲဒီအတွက် သူ့ကို RM200 ပေးခဲ့ပါတယ်။ ကျွန်တော် မလေးရှားမှာ နေထိုင်လာတာ နှစ်နှစ်လောက် ရှိပါပြီ။တရားမဝင် လမ်းကြောင်း (rat lanes) ကနေတစ်ဆင့် မလေးရှားကို ဝင်ရောက်လာခဲ့တာပါ။ အရင်တုန်းက အီပိုမြို့မှာ ဟင်းသီး ဟင်းရွက်ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ပြီး၊ အခု ဒီကို အလုပ်လာရှာတာပါ” ဟု သူက ပြောဆိုခဲ့သည်။
■ လူဝင်မှုကြီးကြပ်ရေးဌာန၏ စစ်ဆေးချက်များအရ ယင်းစာရွက်စာတမ်းမှာ အတုဖြစ်နိုင်ချေ မြင့်မား ကြောင်း တွေ့ရှိရပြီး၊ မလေးရှားနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် သွားလာလှုပ်ရှားမှုများကို အထောက်အပံ့ ပြုရန် အသုံးပြုခဲ့သည်ဟု ယူဆထားသည်။
■ ယင်းမတိုင်မီ လူဝင်မှုကြီးကြပ်ရေးဌာနသည် ကျူးကျော်အခြေချနေထိုင်ရာ နေရာတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ရာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၇၈ ဦးကို ဖမ်းဆီးခဲ့သည်။
■ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၃၀ ဦး ပါဝင်ပြီး၊ သူတို့အနက် အင်ဒိုနီးရှားနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားတစ်ဦးတို့ပါဝင်ကြောင်း သိရသည်။