#Local_News
Published 27 June 2026

■ စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သိပ္ပံနည်းကျခေတ်မီသည့် စိုက်ပျိုးရေးစနစ်၊ အိုင်တီစနစ်၊ Ai စနစ်များ၊ စက်ကိရိယာများကို အသုံးချနိုင်ရန်လိုကြောင်း ဇွန်လ ၂၆ ရက်က နိုင်ငံတော် သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးတွင် စားရေရိက္ခာမူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အထက်ပါအတိုင်းပြောကြားခဲ့သည်။

■ ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်၊ IT ခေတ်၊ AI ခေတ်ဖြစ်လာပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် မကြာမီကသွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံ ခရီးစဉ်များတွင် အဆိုပါနိုင်ငံများ၏ ခေတ်မီစိုက်ပျိုးရေးစနစ်များကို လေ့လာသိရှိခဲ့ရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ခေတ်မီသည့်စိုက်ပျိုးရေးစနစ်ကိုတတ်နိုင်သည့်ကဏ္ဍများတွင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူစက်မှုလယ်ယာစနစ်ကိုလည်း ဖော်ဆောင်နိုင်ရန်လိုကြောင်း၊ ကျွဲနွားများရှားပါးလာခြင်းနှင့်လုပ်သားအင်အားရှားပါးလာမှုများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် စက်ပစ္စည်းကိရိယာများကိုလုံလောက်စွာ အသုံးပြုနိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျခေတ်မီသည့် စိုက်ပျိုးရေး စနစ်၊ အိုင်တီစနစ်၊ Ai စနစ်များ၊ စက်ကိရိယာများကို အသုံးချနိုင်ရန်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

■ ရိက္ခာဆိုသည်မှာလည်း နောင်တွင်စားသုံးမည့် စုဆောင်းထားသည့် ဆန်ရေစပါး ဖြစ်ကြောင်း၊ အဓိကအားဖြင့် အရန်ဆန်နှင့် စပါးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စုဆောင်းသိုလှောင်ထားနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ချိန်တွင် အဆိုပါသိုလှောင်ထားသည့် အရန်ဆန် နှင့် စပါးများသည် များစွာအထောက်အကူပြနိုင်မည်ဖြစ်ခြင်းကြောင့် ပြည်တွင်း၌စားရေရိက္ခာများ ဖူလုံစွာရှိနေရန်နှင့် ခိုင်ခိုင်မာမာ ပြည့်စုံဖူလုံနေစေရန် မူဝါဒချ မှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိ၏မျှော်မှန်းချက်မှာ မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် စားနပ်ရိက္ခာအဓိကဖြည့်ဆည်းတင်ပို့ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်၊ ပဲ နှင့် အခြားစားသောက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများကို ပိုမိုတိုးတက်ထုတ်လုပ်သွားနိုင်ရေး အမြဲသုတေသနပြုလေ့လာသုံးသပ်စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မြေပြင်အချက်အလက်များ မှန်ကန်ပြည့်စုံစွာဖြင့်သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများပိုမို အောင်မြင်နိုင်မြင်ဖြစ်သဖြင့် စနစ်တကျစီမံကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

■ အဆိုပါ အစည်းအဝေးသို့ စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတနှင့်အတူ အထူးဖိတ်ကြားထားသော ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

■ မြန်မာနိုင်ငံတွင် လယ်၊ တောင်ယာ၊ ယာ စသည်ဖြင့် အစုစု သောစိုက်ပျိုးဧက ၃၃ သန်းကျော်ရှိ ကြောင်း၊ စပါး စိုက်ပျိုးဧက ၁၅ သန်း၊ ပြောင်း စိုက်ပျိုးဧက ၁ ဒသမ ၉ သန်း၊ ပဲမျိုးစုံစိုက်ပျိုးဧက ၂ ဒသမ ၇ သန်းနှင့် နှမ်းစိုက်ပျိုးဧက ၄ သန်းစသည်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Yangon_Times/PP