#Local_News
Published 21 August 2025
▪️ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် သန်း ၂၀ အောက်လုပ်ငန်းများနှင့် သန်း ၂၀ အထက် တင်ဒါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေ ကြောင်းသိရသည်။
▪️ အဆိုပါ တိုင်းရင်းသားကျေးရွာသို့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ ခဲ့ ကြောင်းသိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးတည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား MSME လုပ်ငန်းများကို ဌာနအနေဖြင့် လက်လှမ်းမီသမျှ ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် တိုင်းရင်းသားကလေးငယ်များ ဘာသာစကားအခက်အခဲကို ကျော်လွန်၍ ကျောင်းထွက်နှုန်းလျော့နည်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် သန်း ၂၀ အောက်လုပ်ငန်းများနှင့် သန်း ၂၀ အထက် တင်ဒါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ဝင်ငွေရရှိမှုနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
▪️ ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ရိုးရာအိမ်များ၊ နန်းမြင့်မျှော်စင်၊ ဆလုံပြခန်းနှင့် ဝန်ထမ်းအိမ်ရာများအတွင်း အသုံးပြုနိုင်ရန် Solar Panel ၅၈ လုံး ပေးအပ်ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြကြောင်းသိရသည်။
▪️ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times