#Local_News
Published 21 March 2026

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာယင်း ယိမ်းပြိုင်ပွဲများအတွက် လျှောက်လွှာများခေါ်ယူနေ
ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းပြိုင်ပွဲများကိုကျင်းပမည်ဖြစ်ကြောင်သိရသည်။

လျှောက်လွှာတင်သွင်းရက်ကို မတ်လ ၂၀ ရက်မှ မတ်လ ၃၁ ရက်အထိ သတ်မှတ်ထားပြီး
အဆိုပါ ယိမ်းပြိုင်ပွဲများကို မူကြိုကျောင်းများမှ (၁၂)ဦးယိမ်း၊ ကျောင်းမျာမှ (၁၂)ဦးယိမ်း၊ (၁၆)ဦးယိမ်း၊ ရုံးနှင့် အခြားဌာနများမှ (၁၂)ဦးယိမ်းနှင့် (၁၆)ဦးယိမ်း၊ အလွတ်တန်းအဖြစ် (၂၀)ဦးယိမ်း၊ ကျား အလွတ်တန်းအဖြစ် (၁၂)ဦးယိမ်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများအဖြစ် သီးခြားကျင်းပပေးမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်ပြိုင်ပွဲဝင်မည့်အသင်းများအနေဖြင့် မတ်လ ၂၀ ရက်မှ မတ်လ ၃၁ ရက်အထိ ရုံးချိန်အတွင်း ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်း၊ (၁၂ ) ထပ်ရုံး၊ (၁၀)လွှာရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေ လာစီမံခန့်ခွဲမှု) ၌ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

ထို့ကြောင့် ပြိုင်ပွဲဝင်လိုသည့် ရုံး၊ ကျောင်း၊ တိုင်းရင်းသားရိုးရာအကအဖွဲ့ ယိမ်းများ၏ အမည်စာရင်းကို လျှောက်လွှာလက်ခံမည့် နောက်ဆုံးရက်မတိုင်မီအတွင်း နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ မြဝတီသတင်းစာ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်သံတို့၌ သင့်တော်သလို ထည့်သွင်းဖော်ပြပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times