#Local_News
Published 16 June 2026
■ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား စဉ်ဆက်မပြတ် ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
■ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။
■ ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချနေသော စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှုရှိ၊ မရှိ၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိ၊ မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ၊ မရှိတို့အား ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် လစဉ် ရှောင်တခင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်တွင် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်လေးဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အရည်အသွေးပြည့်မီမှု မရှိခြင်း၊ အခြင်အတွယ်ပြည့်မီမှုမရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုမရှိခြင်းများကို စစ်ဆေးတွေ့ရှိရပါကရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times