၂ အောက်တိုဘာ ၂၀၂၄

မိသားစုဝင်အချင်းချင်း ကြည့်ရှုစောင့်ရှောက်ကြသကဲ့သို့ပင် အိန္ဒိယနိုင်ငံသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ   ရပ်တည်နေပါကြောင်းနှင့် ယင်းနှင့်ပတ်သက်၍ ဥပမာ ပြစရာတစ်ခုမှာ မကြာသေးမီက ရေဘေးအကူပစ္စည်း ၅၃ တန်ကို မြန်မာနိုင်ငံအတွက် အိန္ဒိယအစိုးရက “စေတနာ  စစ်ဆင်ရေး-Operation Sadbhav အမည်ဖြင့် လှူဒါန်းခဲ့ခြင်းပင်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ   သံအမတ် ကြီး Mr. Abhay Thakur ကပြောကြားပါတယ်။

၁၅၅ နှစ်မြောက် မဟတ္တမ ဂန္ဒီမွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ရာမှာ အိန္ဒိယသံအမတ်ကြီးက ယင်းကိုထည့်သွင်းပြောကြား  ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur နှင့် ဦးနေအုပ် (စိန်ပေါ)   တို့က မဟတ္တမ ဂန္ဒီ‌ အောက်မေ့ဘွယ်ဆီးမီးတိုင်များထွန်းညှိပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur က အမှာစကား ပြောကြားရာ၌ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို မိတ်ဆွေစစ်အဖြစ် ထားရှိခဲ့ပါတယ်။ လိုအပ်တဲ့အခါ ရှိနေမယ့် မိတ်ဆွေအဖြစ်နှင့်ဖြစ်ပါတယ်။ ကမ္ဘာကြီးအားလုံးဟာ မိသားစုတစ်စု Vasudhaiva Kutumbakam ဆိုတဲ့ စကား လိုပဲ ရှိနေပါတယ်” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို သံအမတ်ကြီးက ရွှေတိဂုံစေတီတော်ကြီးနှင့် ထေရဝါဒဗုဒ္ဓ တက္ကသိုလ်များသို့လည်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အဲဒီနောက် မဟတ္တမဂန္ဒီကြီးအား ဂုဏ်ပြုသည့် အိန္ဒိယယဉ်ကျေးမှုအကအစီအစဉ်ကိုတင်ဆက်ခဲ့ပါတယ်။

အခမ်းအနားတွင် စာရေးဆရာဟိန်းလတ်၊ဒေါက်ထွေး(မန်း)နှင့် ဦးနေအုပ်(စိန်ပေါ)တို့က ဂန္ဒီနှင့်ပတ်သက်သော အမှတ်တရ ဂုဏ်ပြုစကားတွေကိုပြောကြားခဲ့ကြပါတယ်။

မဟတ္တမဂန္ဒီသည်  ၁၉၀၂ ခုနှစ် ၁၉၁၅ခုနှစ်နှင့် ၁၉၂၉ခု နှစ်တို့တွင် သုံးကြိမ်တိုင်လာရောက်လည်ပတ်ခဲ့ဖူးသည့် အိန္ဒိယ၏ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ၁၉၂၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံ၌ မြန်မာပြည်သူများကို လွတ်လပ်ရေးအသိနိုးကြားရန် လှုံဆော်အားပေးစကား ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။

@ymg/knl