#Local_News
Published 19 December 2023


မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)တွင် အသင်းဝင်ထားသည့်  ပြည်တွင်းပြည်ပအထည်ချုပ်လုပ်ငန်းများအားကောက်ခံသည့် နှစ်စဉ် အသင်းဝင်ကြေးကို ခေတ်နှင့် လျော်ညီသော အသင်းဝင်ကြေးနှုန်းထားပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း(MGMA) က ထုတ်ပြန်ကြေညာသည်။

 

ယခင်က  နှစ်စဉ်ကြေး ငါးသောင်းကျပ်နှုန်းကောက်ခံရာမှ  လက်ရှိ ငွေကြေးနှုန်းထား ပြောင်းလဲမှုအရခေတ်နဲ့လျော်ညီအောင် ၂၀၂၄ ခုနှစ်မှစပြီး နှစ်စဉ်ကြေးကို မြန်မာနိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ယခင် ငါးသောင်းကျပ်ကနေ ယခု တစ်သိန်းကျပ် ပေးဆောင်ရမှာဖြစ်ပြီး နိုင်ငံခြားသားပိုင် ဖက်စပ်လုပ်ငန်းတွေအနေဖြင့် ယခင်
ငါးသောင်းကျပ်မှ ယခု သုံးသိန်း ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

MGMA အသင်း ဆက်လက်ရပ်တည်နိုင်ရေးသည် နှစ်စဉ်ကြေး မပျက်မကွက်ပေးသွင်းမှုအပေါ်တွင်လည်း မူတည်နေပြီး အသင်းအနေနှင့် နှစ်စဉ်ကြေးကို ၂၀၀၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တစ်နှစ်ကို ကျပ် ငါးသောင်းနှုန်း သတ်မှတ်ကာ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ထို့ပြင်မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းသည်  အကျိုးအမြတ်ခွဲဝေခံစားသည့် အသင်းမျိုးမဟုတ်ဘဲ အသင်းသားများ အကျိုးကိုဆောင်ရွက်ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ သင်တန်းကျောင်းကို တည်ထောင်ကာ သင်တန်းတွေကို အခမဲ့သင်ကြားပေးနေကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံထားသည့် အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ရှိပြီး တရုတ်အထည်ချုပ်လုပ်ငန်း ၃၀၀ ခန့်ရှိကာ အလုပ်အကိုင်အများဆုံးဖန်တီးပေးနိုင်တဲ့ လုပ်ငန်းကဏ္ဍဖြစ်ကြောင်း သိရသည်။

 

#Local_News #အထည်ချုပ်လုပ်ငန်းရှင်များအသင်း #(MGMA) #YMG/LW #Yangon_Times