နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၁၇ — ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ အများပြည်သူ အဓိကအားထား အသုံးပြုလျက်ရှိသော သံလွင်တံတား(ဖားဆောင်း)သည် ယနေ့နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက အဆိုပါတံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ  ထားသည်။ ဖားဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး နောက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်မဆောင်ရွက်နိုင်စေရန်နှင့် သူတို့အား လိုက်လံချေမှုန်းခြင်းများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသည် ဖားဆောင်းမြို့၏ အနောက်ဘက် မီတာ ၃၂၀ ခန့်အကွာ၊ ဖားဆောင်း-မယ်စဲ့-ဘီပီ(၁၃) သွားကားလမ်း မိုင်တိုင်အမှတ် ၀/၃ နှင့် ၀/၄ ကြားတွင် တည်ရှိသည်။  အဆိုပါတံတားသည် အရှည် ၁၂၆၀ ပေ၊ အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး မိုင်းခွဲ ဖျက်ဆီးမှုကြောင့် တံတား၏ အနောက်ဘက်ကမ်းကပ်ခုံမှ အရှည် ၂၅၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျ ပျက်စီးခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် အတည်ပြုထား သည်။

ယခုကဲ့သို့ ဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူများနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအားထား နေရသော လမ်းကြောင်းပြတ်တောက်ခဲ့ပြီး လက်ရှိတွင် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ကြောင်းသိရသည်။ တံတားပျက်စီးမှုအား လမ်း/တံတား ဦးစီးဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြန် လည်ပြင်ဆင်သွားမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်မြေတည်ငြိမ်ရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

tlb1tlb2tlb3