၉ အောက်တိုဘာ ၂၀၂၄

မြန်မာနိုင်ငံမှ အဆိုပြုထားတဲ့ အငြိမ်းစားသံအမတ်ကြီးဦးစံလွင်ကို လာမည့် သက်တမ်းအတွက် အာဆီယံရဲ့ အလှည့်ကျဒုတိယအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံအစည်းအဝေး  တစ်ခုက  အတည်ပြုခဲ့တယ်လို့ အာဆီယံ ဥက္ကဋ္ဌ ရုံးသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အငြိမ်းစား သံအမတ်ကြီးဖြစ်တဲ့ ဦးစံလွင်ကို အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တစ်ဦးအဖြစ်ခန့်အပ်မှုကို အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးကနေ အတည်ပြုလိုက်တာပါ။

အာဆီယံရဲ့ဖွဲ့စည်းပုံအရ ဒုတိယအတွင်းရေးမှူးချုပ် လေးဦးရှိရာမှာ ဦးစံလွင်ဟာ အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာကို တာဝန်ယူရတဲ့ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်လာမှာပါ။ မြန်မာနိုင်ငံမှ ဦးစံလွင်ဟာ နိုင်ငံ အလိုက် အက္ခရာစဉ်အလိုက်အရ မြန်မာနိုင်ငံ အလှည့်ကျရောက်လို့ တာဝန်ယူပေးရတာဖြစ်ပါတယ်။

အာဆီယံဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်ရဲ့ တာဝန်သက်တမ်းဟာ ၂၀၂၄-၂၀၂၇ အထိလို့လည်းသိရပါတယ်။

အာဆီယံဒုတိယအတွင်းရေးမှူးချုပ် (၄)နေရာက ဒုတိယအတွင်းရေးမှူးချုပ် (အာဆီယံနိုင်ငံရေးလုံခြုံရေး အသိုက် အဝန်း)၊ ဒုတိယအတွင်းရေးမှူးချုပ် (အာဆီယံစီးပွားရေး အသိုက်အဝန်း)၊ ဒုတိယအတွင်းရေးမှူးချုပ် (အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်း)နှင့် ဒုတိယအတွင်းရေးမှူးချုပ် (အသိုက်အဝန်းနှင့် ကော်ပိုရေးရှင်းရေးရာ) တို့ ဖြစ်ကြပါတယ်။

@ymg/knl