ဧပြီ၁၇၊၂၀၂၆

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်သည် နိုင်ငံတော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက်  နေ့ဖြစ်သည့် ဧပြီလ၁၇ ရက်နေ့တွင် တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာကြောင်းသိရသည်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း  အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားခြင်းနှင့်နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက် သမ္မတဟောင်းဦးဝင်းမြင့်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးအမိန့်   အမှတ် ၄၂ / ၂၀၂၆ဖြင့် သမ္မတဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းကျရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဟုလည်း အမိန့်ကြေညာစာမှာ ဖော်ပြပါရှိသည်။

-end-