#LocalNews
Published -20 May 2022

 

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟူ သတ်မှတ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါသည်၊၊

 

မုန်တိုင်းငယ်(Depression)သည် နောက်(၆)နာရီအတွင်း အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊

 

မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၁.၅.၂၀၂၂) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

 

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။

 

မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။

 

မုန်တိုင်းငယ် (Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလက အသိပေးနှိုးဆော်အပ်ပါသည်။

 

ymg/tthl
#Yangon_Media_Group