#Local_News
Published 13 March 2024

ပြည်ပထွက်ခွာသူများပြားနေသောကြောင့် ပြည်တွင်း CMP အထည်ချုပ်လုပ်ငန်းများကျွမ်းကျင်လုပ်သားရှားပါးနေကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 

ကျွမ်းကျင်လုပ်သားများသည် ကာတာ၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ လာအိုစသည့်ဖြင့် နိုင်ငံများသို့ အလုပ်‌လုပ်ကိုင်ရန် သွားရောက်ကြသောကြောင့် လုပ်သားရှားပါးနေကြောင်း သိရသည်။

 

'ကျွမ်းကျင်လုပ်သားရှားပါးတာတော့ အတော်လေးကိုရှားနေတာပါ၊ အထည်ချုပ်မိန်းကလေးတွေကလည်း ကာတာတို့ဘာတို့ အရင်ကသွားတာရှိတယ်၊ ခုနောက်ပိုင်းလာအိုကိုလည်း တစ်ယောက်က စက်ရုံကလူစုပြီး ခေါ်သွားတယ်၊ ဒီရက်ပိုင်းလည်း တရုတ်ဘက်ကိုတစ်သုတ်ထပ်သွားကြတယ်၊ စိတ်ချရတယ်လို့အာမခံတာ‌ရှိတယ်၊ အလုပ်တကယ်ရမရတော့မသိပါဘူး၊ ဟိုဘက်ရောက်မှ တကယ်ရလားမရလားသိမှာပါ'ဟု အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

 

ယခုလပိုင်းအတွင်းလာအို၊ တရုတ်စသည့် နိုင်ငံများ၌အလုပ်ရရှိမည်ဟုဆိုကာ  ကျွမ်းကျင်လုပ်သားအမျိုးသမီးငယ်များအား ရင်းနှီးသူများမှ လူစုဆောင်း၍ စေလွတ်လျှက်ရှိကြောင်း သိရသည်။

 

ထိုသို့စေလွတ်ရာတွင် အမျိုးသမီးတစ်ဦးလျှင်ကျပ်ခြောက်သိန်းအထိပေးရပြီး အသက်၁၈ နှစ်မှ ၃၀အတွင်းအမျိုးသမီးများအား ခေါ်ယူစုဆောင်းနေကြောင်း သိရသည်။

 

လတ်တလောတွင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းတွင် အလုပ်အကိုင်ရှားပါးရုံသာမက ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဦးရေးများ ပြားလွန်းနေသဖြင့် လုပ်ခလစာ ဈေးနှိမ်ခံနေရခြင်းများ ဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံဘက်အခြမ်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်ရာ၌ တစ်နှစ်သက်တမ်းရှိသည့် စာအုပ်အနီဖြင့်လည်း ကောင်း၊ တစ်ခါသုံးကဒ် TBP ဖြင့်လည်းကောင်း ဝင်ရောက်လျက်ရှိကြပြီး သက်တမ်းကျော်လွန်နေထိုင်သူ အများ အပြားကိုယခုလအတွင်း တရုတ်အာဏာပိုင်များမှ ဖမ်းဆီးနေကြောင်းလည်း သိရသည်။

 

မြန်မာနိုင်ငံ၌  ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ခန့်ရှိပြီး အထည်ချုပ်လုပ်သား ၄ သိန်း လောက်အထိကို အလုပ်အကိုင် အခွင့်အလမ်းပေးထားနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ အထည်ချုပ်လုပ်သားသုံးသိန်းခန့်ရှိသလို ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့၌လည်း လုပ်သားတစ်သိန်းကျော်ခန့်  လုပ်ကိုင်ခွင့်ရရှိသော်လည်းယခုနောက်ပိုင်းတွင် ပြည်ပထွက်ခွာသူဦးရေများပြားနေခြင်းကြောင့် လုပ်သားရှားပါးလာကြောင်း သိရသည်။

 

#Local_News #CMPလုပ်ငန်း #ကျွမ်းကျင်လုပ်သားရှားပါးနေ #YMG/NN #Yangon-Times