#Local_News

Published- 11 Jan 2022

ထိုင်းနိုင်ငံရှိ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်းခရိုင်တို့တွင် ဖွင့်လှစ်မည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity – CI) သက်တမ်းတိုးစခန်းများတွင် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို အလုပ်သမားသံအရာရှိရုံးတွေကထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံတွင်ရောက်ရှိလုပ်ကိုင်နေတဲ့ အလုပ်သမားများအနက် အထောက်အထား မရှိသူ အလုပ်သမားများအား တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ၃-၃-၂၀၁၇ ရက်နေ့မှ  ၃၀-၆-၂၀၁၈ ရက်နေ့အထိ သက်တမ်း ၄ နှစ်ဖြင့် ထုတ်ပေးခဲ့သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) စာအုပ်များမှာ ၃-၃-၂၀၂၁ ရက်နေ့မှစ၍ ထုတ်ယူခဲ့သည့် နေ့ရက်များအလိုက် သက်တမ်းကုန်ဆုံးလျက်ရှိပြီး သက်တမ်းတိုးထုတ်ပေး နိုင်ရေး ထိုင်းနိုင်ငံနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့မှုအရ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်း ခရိုင်တိုတွင် CI သက်တမ်းတိုး စခန်း ၅ ခုကို ၁၀-၁-၂၀၂၂ ရက်နေ့မှ ၂၇-၇-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက် သွားမှာဖြစ်တယ်လို့သိရပါတယ်။

 (Certificate of Identity – CI) သက်တမ်းတိုးစာအုပ် ထုတ်ယူနိုင်ရန် ထိုင်းနိုင်ငံရှိ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ ဖြစ်သော Counter Service Co., Ltd နှင့် ချိတ်ဆက်ထားသည့် Seven Eleven ဆိုင်များတွင် လက်ရှိ CI စာအုပ် နံပါတ်ဖြင့် စာအုပ်ဖိုး ၃၀၀ ဘတ်နှင့် ပေးသွင်းခြင်း ဝန်ဆောင်ခ ၁၀ ဘတ်၊ စုစုပေါင်း ၃၁၀ ဘတ် ပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။

 Seven Eleven ဆိုင်များသည် သက်တမ်းတိုးဆောင်ရွက်မည့်သူအား CI သက်တမ်းတိုး စာအုပ်ထုတ်ယူရမည့် စခန်းအမည်၊ သွားရောက်ဆောင်ရွက်ရမည့် နေ့ရက်၊ တိုကင်နံပါတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တိုပါဝင်သည့် ထိုင်း/အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော ငွေသွင်းပြေစာကို ပြန်လည်ထုတ်ပေးမည် ဖြစ်ပြီး ယင်းအချက်အလက်များကို အလုပ်သမား၏ လက်ကိုင်ဖုန်းသို့လည်း Message ပေးပို့သွားမှာဖြစ်ပြီးအထူးသတိပြုရန်မှာ အလုပ်သမားများ အနေဖြင့် ငွေသွင်းပြေစာ၌ပါရှိသည့် နေ့ရက်အတိုင်း CI ထုတ်ပေးရေးစခန်းသို့ မပျက်မကွက် သွားရောက်ဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။
 
CI သက်တမ်းတိုးဆောင်ရွက်မည့်သူသည် Seven Eleven ကောင်တာမှ ထုတ်ပေး သည့် ပြေစာပါနေ့ရက်တွင် သက်ဆိုင်ရာ CI စခန်းသို့ သွားရောက်၍ ကိုယ်ရေး မှတ်တမ်း ဖြည့်သွင်းခြင်း၊ CI စာအုပ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စု ဇယားနှင့် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာနမှ ထုတ်ပေးထားသည့် အထောက်အထား စာရွက်စာတမ်းများကို မိတ္တူကူး၍ လျှောက်ထားရမည်ဖြစ်ပြီး စခန်းရှိ တာဝန်ကျ ဝန်ထမ်းများမှ CI သက်တမ်းတိုးစာအုပ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ကို မှန်ကန်မှု ရှိ/မရှိ  စိစစ်ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

CI သက်တမ်းတိုးစာအုပ်နှင့် OWIC ကတ် ရရှိပြီးအလုပ်သမားများသည် နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်/ Work Permit) (မရရှိ သေးသူများသာ) ရရှိနိုင်ရေး CI သက်တမ်းတိုးထုတ်ပေးရေးစခန်းရှိ ထိုင်းနိုင်ငံ ဘက်မှဖွင့်လှစ်ထားသည့် ကောင်တာများသို့ ဆက်လက်လျှောက်ထား ဆောင်ရွက် ရမှာဖြစ်ကာသက်တမ်းတိုးဆောင်ရွက်လိုသော်လည်း CI စာအုပ် ပျောက်ဆုံး/ ပျက်စီးလျက်ရှိသည့် အလုပ်သမားများအနေဖြင့် CI စာအုပ် ပျောက်ဆုံး/ ပျက်စီးကြောင်း တိုင်ကြားထားသည့် ထိုင်းရဲ တပ်ဖွဲ့၏ ထောက်ခံချက်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာ CI စခန်းများမှ ခွင့်ပြုချက် ရရှိ ချိန်တွင် CI စာအုပ်ပျောက်ဆုံး/ ပျက်စီးမှုအတွက် မူလစာအုပ်တန်ဖိုး ၃၀၀ ဘတ်၊ ဒဏ်ကြေး ၁၈၀ ဘတ်၊ စုစုပေါင်း ၄၈၀ ဘတ်အား စခန်းတာဝန်ရှိသူထံသို့ ပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။

CI သက်တမ်းတိုးစာအုပ်နှင့်အတူ OWIC ကတ် ထုတ်ယူပြီးနောက် OWIC ကတ် ပျောက်ဆုံး/ ပျက်စီး၍ လာရောက်လျှောက်ထားပါက OWIC ကတ် ပျောက်ဆုံး/ ပျက်စီးကြောင်း တိုင်ကြားထားသည့် ထိုင်းရဲတပ်ဖွဲ့၏ ထောက်ခံချက်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ထောက်ခံ ချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ဒဏ်ကြေး အပါအဝင် ဘတ် ၂၀၀ ကို စခန်း တာဝန်ရှိသူထံသို့ ပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။

ymg/hm

#Yangon_Media_Group