#Local_News
Published 25 June 2025
▪️ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးကြီးရေလျှံခြင်းနှင့်သဘာဝဘေးအန္တရာယ်များဖြစ်နိုင်၍ မြစ်ကမ်းဘေးနေသူများ ရှောင်ရှားကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မနက် ၁၁ နာရီအချိန်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်-အနောက် မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၀၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့(Mongla)၏ တောင်ဘက်ရေမိုင် ၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဆာဂါကျွန်း(Sagar Island)၏ အရှေ့တောင်ဘက် ရေမိုင် ၈၀ မိုင်ခန့်နှင့် ကိုးလ်ကတ္တားမြို့(Kolkata)၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။
▪️ အဆိုပါ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။
▪️ ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ ယနေ့နံနက်မှ ၂၈ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးမည်။
▪️ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများ အနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times