#Local_News
Published_3 March 2025

▪️ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ယနေ့မတ်လ ၃ ရက်နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

▪️ ယင်းခရီးစဉ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေး သွားရောက်ခြင်းဖြစ်ပြီး နေပြည်တော် တပ်မတော်လေဆိပ်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာကြောင်း သိရသည်။

▪️ ခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီးမိုး အောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်း သိရသည်။

▪️ ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေး ခြင်း၊ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ရုရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ များနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

▪️ ယခုနှစ်တွင် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးသည် (၇၇)နှစ် ပြည့်မြောက်ပြီ ဖြစ်ပြီး နှစ်နိုင်ငံဆက်သွယ်ဆက် ဆံ မှု ၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ အပြန်အလှန်လည် ပတ်မှု၊ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတို့၌ တိုး တက်မှုများဖြစ်ပေါ်လျက်ရှိပြီး ဆက်လက်၍လည်း ဆက်သွယ်ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#Yangon_Times/PP