#Local_News
Published_27 June 2025

▪️ အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေး ဖိအားပေးပိတ်ဆို့မှုများ မှာ ကမ္ဘာ့နိုင် ငံများ၏အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

▪️ ယမန်နေ့ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအစည်း အဝေးတွင် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

▪️ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ၏ အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာတူညီမှုနှင့် နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေများကို လေးစားလိုက်နာခြင်း၊ အမျိုးသားအကျိုး စီးပွားကို လေးစားခြင်းတို့သည် ကမ္ဘာတွင်လက်တွေ့လိုအပ်နေသည့်အရာများပင်ဖြစ်ကြောင်းနှင့် ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများကနိုင်ငံငယ်များအပေါ်နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများ သည် ကမ္ဘာ့နိုင်ငံများ၏အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ့အသီးသီးတွင် ရှိသင့်ရှိထိုက်သည့် ကောင်းမွန်သည့်အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင် အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။

▪️ ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အဆွေတော်သဘာပတိကြီးနှင့် အဖွဲ့ဝင်နိုင်ငံများ၊ ဥရောပ-အာရှစီးပွားရေးကောင်စီရုံးချုပ်တို့က ဆောင်ရွက်ပေးမည်ဟုလည်း မျှော်လင့်ပါကြောင်းလည်း ပြောကြားခဲ့သည်။

▪️ ယခုစတုတ္ထအကြိမ်မြောက်ဖိုရမ်တွင် ဖိုရမ်၏ ခေါင်းစဉ်ဖြစ်သည့် “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ - ရလဒ်များနှင့် အလားအလာများ”သည် အချိန်အခါနှင့်ကိုက်ညီသည့် ခေါင်းစဉ်ဖြစ်ကြောင်း ကို ပြောကြားလိုကြောင်း၊ အဆွေတော်ဘယ်လာရုစ်သမ္မတကြီး၏ ခေါင်းဆောင်မှုအောက်တွင် စတုတ္ထအကြိမ် မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်သည် နိုင်ငံများအချင်းချင်းအပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည့် ရလဒ်ကောင်းများ ရရှိစေမည်ကို အပြည့်အဝယုံကြည်ကြောင်း နစက ဥက္ကဌက ပြောသည်။

▪️ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့အကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ - အာရှစီးပွားရေးကော်မရှင် (EEC) ၏ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိတွေ့ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်ကစပြီး အရှိန်အဟုန်မြင့်တက်လာခဲ့ကြောင်း၊ ထို စဉ် က ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေး ဖိုရမ်တွင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း။

▪️ ထို့အပြင် ၂၀၂၄ ခုနှစ်တွင်လည်း ဥရောပ-အာရှစီးပွားရေး ကော်မရှင် (EEC) ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ခဲ့ကြောင်း၊ မြန်မာနှင့် ဥရောပ-အာရှစီးပွားရေးကော်မရှင်အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန် လွှာအကောင်အထည်ဖော်ရေးပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများကို မြန်မာနိုင်ငံ နေပြည်တော်တွင် တစ်ကြိမ်၊ ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင် တစ်ကြိမ်ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှု တို့ကို မြှင့်တင်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

▪️ မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ - အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ် အားထက် သန်လျက်ရှိပြီး မြန်မာနိုင်ငံကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးရန် လည်း မေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဥရောပ-အာရှ စီးပွားရေးဖိုရမ်ကို ၂၀၂၂ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် အဖွဲ့ဝင်နိုင်ငံက ကြီးမှူး၍ ဥရောပ-အာရှဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်ရည်ရွယ်၍ ဖိုရမ်တွင်ဆွေးနွေးမည့် ခေါင်း စဉ်များ သတ်မှတ်ကာ ကျင်းပခြင်းဖြစ်ကြောင်း၊ ဖိုရမ်ပထမအကြိမ်ကို ကာဂျစ်စတန်နိုင်ငံဘစ်ရှ်ခက်မြို့တွင် ၂၀၂၂ ခုနှစ်ကလည်းကောင်း၊ ဒုတိယအကြိမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၃ ခုနှစ်က လည်းကောင်း၊ တတိယအကြိမ်ကို အာမေးနီးယားနိုင်ငံ ယဲရဗန်မြို့တွင် ၂၀၂၄ ခုနှစ်ကလည်းကောင်း အသီး သီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ - အာရှ စီးပွားရေးဖိုရမ် (EEF 2025) တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လူပေါင်း ၂၇၀၀ ကျော်ပါဝင်တက် ရောက်၍ မျက်နှာစုံညီအစည်းအဝေးများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ စီးပွားရေးဆွေးနွေးပွဲများဖြင့် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ယခုနှစ်တွင်ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) တွင် မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မျက်နှာစုံညီအစည်းအဝေးတွင် ပါဝင် ဆွေးနွေးခဲ့ကာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံ ဇော်က ဥရောပ-အာ ရှဒေသတွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပေါ်လာစေရေးအတွက် ရွှေ့ပြောင်းသွား လာ ခြင်း၊ ဘက်စုံသယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း နည်းလမ်း များ ဆိုင်ရာ ဆွေးနွေးမှုအစီ အ စဉ်တွင်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးက စိုက်ပျိုးရေးကဏ္ဍထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပ-အာရှစီး ပွားရေးသမဂ္ဂတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုအစီအစဉ်တွင်လည်းကောင်း အသီးသီးပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#Yangon_Times/PP