#Local_News
Published 26 May 2025

▪️ အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ရာ လျှောက်ထားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

▪️ အဆိုပါ ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်နှင့် အလုပ်ရှင်ထံမှ အကြောင်းကြားစာပုံစံ (၂၃/၂၄)တို့အား အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာ လိုက်သည်။

▪️ ယင်းကြေညာချက်အရ စံပြုလုပ်ငန်းစဉ်(SOP)တွင် အချက် ၁၁ ချက်ပါရှိပြီး ပညာသင်စရိတ် လျှောက်ထားခွင့် ရှိသည့် အကျုံးဝင်အာမခံအလုပ်သမားသတ်မှတ်မှုတွင် လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်သည့်မြို့နယ်များရှိ အာမခံ ထားရှိသူအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများပညာသင်စရိတ် လျှောက်ထားနိုင် ကြောင်း ၊လုပ်ငန်းစဉ်တွင်လည်း ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် သက်ဆိုင်သော အမိန့်ကြေငြာစာကို ထုတ်ပြန်ခြင်း၊ အမိန့်ကြေငြာစာထုတ်ပြန်ပြီးချိန်မှစ၍ ၃ လအတွင်း သားသမီးပညာသင်စရိတ်ကို လျှောက်ထားခြင်း၊ ၃ လကျော်ပါက လျှောက်လွှာအား အရေးယူဆောင်ရွက်မှုမပြုခြင်းတို့လည်း ပါရှိရမည်ဖြစ်‌ ကြောင်းသိရသည်။

▪️ ပညာသင်စရိတ် ထောက်ပံ့ပေးရန်လုပ်ခငွေသတ်မှတ်ခြင်းနှင့် အာမခံထားသူ အလုပ်သမားတစ်ဦး၏ မိသားစုတွင်ရှိသော မိသားစုဝင်ပညာသင်သားသမီးများအားလုံး ထောက်ပံ့ပေးမည် ဖြစ်ရာ သတ်မှတ်စာရွက်စာတမ်း များဖြင့် ပြုစုတင်ပြခြင်းတို့လည်း စံပြုလုပ်ငန်းစဉ်(SOP)တွင် ပါဝင် ကြောင်း သိရသည်။

▪️ ထို့အပြင် စံပြုလုပ်ငန်းစဉ်(SOP) အပိုင်းအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်တွင်ခေတ်နှင့်လျော်ညီသော ထောက်ပံ့ငွေ တစ်ပြေးညီခံစားခွင့်ရရှိရန် အာမခံထားရှိသူ၏ အများဆုံးလုပ်ခဝင်ငွေကို ကျပ် ၃ သိန်းတိတိ သတ်မှတ် ထားပြီးဖြစ်ရာ  အာမခံထားရှိသူအလုပ်သမား၏ ပညာသင်ကြားနေသော သားသမီးပညာသင်စရိတ်ကို သတ်မှတ် ရာတွင် မူလတန်းသားသမီးတစ်ဦးအတွက် ၁၀ ရာခိုင်နှုန်း ကျပ် ၃ သောင်း၊ အလယ်တန်းအတွက် ၁၅ ရာခိုင်နှုန်း ကျပ် ၄ သောင်းခွဲ ၊ အထက်တန်းအတွက် ၂၀ ရာခိုင်နှုန်း ကျပ် ၆ သောင်း၊ တက္ကသိုလ်အတွက် ၂၅ ရာခိုင်နှုန်း ကျပ် ၇သောင်းခွဲ တိတိကို ထောက်ပံ့ပေးမည် ဖြစ်သည်။

▪️ အလုပ်ရှင်၊ အလုပ်ဌာနများမှ သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးများသို့ အကျုံးဝင်အာမခံလုပ်သားများ အတွက် သတ်မှတ်စာရွက်စာတမ်းများ ပြုစုတင်ပြခြင်း၊ သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများမှ စိစစ်ခြင်းနှင့် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)သို့ တင်ပြခြင်း၊ ရုံးချုပ်မှ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြခြင်း၊ ဝန်ကြီးဌာနမှ စိစစ်ခြင်း၊ ရုံးချုပ်မှ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ထောက်ပံ့ငွေထုတ်ပေးခြင်း၊ မြို့နယ်လူမှုဖူလုံရေးရုံးများမှ အလုပ်ရှင်/ အလုပ် ဌာနများသို့ ထောက်ပံ့ငွေထုတ်ပေးခြင်း၊ အလုပ်ရှင်မှ ပညာသင်စရိတ်ထောက်ပံ့ငွေ ခံစား‌ခွင့်ရှိသော အလုပ်သမားများ ထံသို့ ငွေထုတ်ပေးခြင်း၊ အကျိုးခံစားခွင့်များ အလွဲသုံးစားမှုမရှိစေရေး မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းခြင်း စသည့် စံပြုလုပ်ငန်းစဉ်များ ပါဝင် ကြောင်း သိရသည်။

▪️ ယခု ကြေညာချက်နှင့် ပတ်သက်၍ အလုပ်ရှင်များ အကျိုးခံစားခွင့်လျှောက်ထားရန် အခက်အခဲရှိပါက သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံ‌ရေးအဖွဲ့များသို့လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)သို့လည်းကောင်း ဆက်သွယ် နိုင်ပြီး သတင်းအချက်အလက်များသိရှိရန် SSB mobile App နှင့် Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ၊လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှုကာကွယ်စောင့်ရှောက်မှု များကို လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် လူမှုဖူလုံရေး စီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၆ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အလုပ်ဌာနများမှ အာမခံအလုပ်သမား ၁ ဒသမ ၂၉ သန်းခန့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက် ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times