#Local_News
Published 29 May 2025
▪️ ရန်ကုန်မြို့ရှိ ၁၉၀၀ ပြည့်နှစ်အစောပိုင်းက တည်ဆောက်ထားသည့်အမွေအနှစ်အဆောက်အအုံကို ယဉ်ကျေးမှုနှင့် လူထုလှုပ်ရှားမှု စင်တာအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ သိရသည်။
▪️ ဂျာမနီသံရုံးနှင့်ဒေသခံ လူမှုအခြေပြုလုပ်ငန်း Doh Eain တို့က ရန်ကုန်မြို့၌ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပရောဂျက်အသစ်ကို စတင်ခဲ့ကြပြီး ထိုပရောဂျက်အတွက် Doh Eain မှလေ့ကျင့်သင်ကြားထားသော အမျိုးသမီး ဆောက်လုပ်ရေး ကျွမ်းကျင်သူများအဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်း၍ ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်းကတည်းက တည်ရှိလာသော Sino-Portuguese ပုံစံဖြင့် တည်ဆောက်ထားသော အမွေအနှစ်အဆောက်အအုံတစ်ခုအား ထိန်းသိမ်းပြုပြင်သွားမည်ဖြစ်ကြောင်း၊အဆောက်အအုံအား ပြုပြင်ပြီးနောက်တွင် ယဉ်ကျေးမှုနှင့် လူထုလှုပ်ရှားမှု စင်တာတစ်ခုအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးရဲ့ အကူအညီနဲ့ Doh Eainက The Women in Construction and Restoration of Community Centre အမည်ရ စီမံကိန်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းမှာတော့ ရန်ကုန်မြို့ရှိ အမွေအနှစ်အိမ်တစ်အိမ်ကို ဆောက်လုပ်ရေး ကျွမ်းကျင် အမျိုးသမီးအလုပ်သမားများ၊ ပညာရှင်များနဲ့အတူ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်"ဟု Doh Eain မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ စီမံကိန်းကို ပါဝင်အကောင်အထည်ဖော်သွားမည့် အဖွဲ့၏ ၇၅ ရာခိုင်နှုန်းသည် အမျိုးသမီး ကျွမ်းကျင်ပညာရှင်များဖြစ်ပြီး ယခု စီမံကိန်းက ဆောက်လုပ်ရေးနယ်ပယ်အတွင်း အမျိုးသမီးများ၏အခန်းကဏ္ဍကိုမြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times