#Local_News
Published 15 July 2025
▪️ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဆောင်ရွက်ရန်ရွေးချယ်ထားသော ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့်အတူ ကဏ္ဍများအတွင်းရှိ MSME လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းယမန်နေ့ကပြုလုပ်သည့်အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။
▪️ အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဝန်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က
ငလျင်ဒဏ် ခံစားခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေးအတွက် အဓိကဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်လာနိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဆောင်ရွက်ရန်ရွေးချယ်ထားသော ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့်အတူ ကဏ္ဍများအတွင်းရှိ MSME လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပံ့ပိုးပေးသွားရန် ဖြစ်ပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်မှုကာလ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးဒဏ် ကြုံတွေ့ရမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် လိုအပ်သလို ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ရုံးများ၊ လူနေအိမ်အဆောက် အအုံများ၊ လမ်းများ၊ တံတားများပြိုကျခဲ့ရပြီးအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့ရာ မေလကုန်တွင် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times