#Local_News
Published_15 May 2025

▪️ သဘာဝဓာတ်ငွေ့ရည် ( LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ် ဓာတ်အား အမြန်ဆုံး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

▪️ အဆိုပါဌာနက ထုတ်ပြန်ချက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အများပြည်သူ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့် ဆည်းပေးနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်အတွင်း စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ ဓာတ်အားစဉ် ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လည်းကောင်း ကာလတိုအနေဖြင့် သီလဝါ(သန်လျင်) နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည်(LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ပြထားသည်။

▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ရေအား(၃၀) ရုံ၊ (၃,၂၃၂) မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ (၂၆) ရုံ၊ (၃,၂၆၈) မဂ္ဂါဝပ်၊ ကျောက်မီးသွေး(၂) ရုံ၊ (၁၃၈) မဂ္ဂါဝပ်၊ နေရောင် ခြည်(၈) ရုံ (၂၄၀) မဂ္ဂါဝပ် ရှိပြီး နိုင်ငံတော်ဓာတ် အားစနစ်သို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်တဲ့ စက်တပ်ဆင်အင်အား စုစုပေါင်းမှာ (၆,၈၇၈) မဂ္ဂါဝပ် ရှိကြောင်း သိရသည်။

▪️ သို့ရာတွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်ပေးလျက်ရှိသော ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ပမာဏလျော့နည်းမှု (၅၉၇) မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ရရှိမှု လျော့နည်းလျက်ရှိသဖြင့် (၁၅၉) မဂ္ဂါဝပ်၊ ရာဂီမုန်တိုင်းကြောင့် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော အထက်ပေါင်း လောင်းရေအားစက်ရုံအား အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေရ သဖြင့် (၁၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသဖြင့် စုစုပေါင်း (၈၉၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိကြောင်း သိရသည်။

▪️ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ကွန်ကရစ်တိုင်များကိုလျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ ဝန်ထမ်းများမှ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုများကြုံတွေ့ရသော်လည်း ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

▪️ ထိုကဲ့သို့ ဓာတ်အားထုတ်လုပ်မှုလျော့နည်းလျက်ရှိသဖြင့် ယခုကာလတွင် (၁) ရက်လျှင် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါ ဝပ်ခန့်သာ ထုတ်လုပ်ပေးနိုင်ပြီး စက်တပ်ဆင် အင်အား၏ (၅၀) % ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ပြီး လက် ရှိကာလတွင် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ (၃,၄၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့် လိုအပ် သဖြင့် (၁,၁၀၀) မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အား လျှော့ချထိန်းညှိမှု (Loadshed) ဆောင်ရွက်ရလျက်ရှိကြောင်း သိရသည်။

▪️ လက်ရှိဓာတ်အား ထုတ်လုပ်နိုင်မှုအရ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၅၂ % ၊ မန္တလေး တိုင်းဒေသ ကြီးသို့ ၁၇ % ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၁ % ဖြင့် အချိုးကျ ဓာတ်အား ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

#Yangon_Times/PP