#Local_News
Published 10 October 2024

▪️ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယခုလအတွင်း  ကျင်းပမည့် သီတင်းကျွတ်ပွဲတော်၌ မီးပုံးပျံအလုံး၃၀ လွှတ်တင်ပူဇော်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

 

▪️ အဆိုပါ အစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင်  ကျင်းပခဲ့ခြင်းဖြစ်သည်။

 

▪️ ဘားအံမြို့၏ သီတင်းကျွတ်ပွဲတော်ကို  မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်၌  မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲ၊ သံဃာပဝါရဏာ သိမ်ဆင်းလောင်းလှူပူဇော်ပွဲ၊ ဆီမီး ၉,၀၀၀ ပူဇော်ပွဲတို့ဖြင့် စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထိုသို့ကျင်းပရာတွင် သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင်  အနည်းဆုံး အောက်ခြေအချင်း ခြောက်ပေ၊ အမြင့်ပေ ၄၀ နှင့်အထက်ရှိသည့်  မီးပုံးပျံကြီးအလုံး ၃၀ ကို ဘားအံမြို့သီရိကွင်း၌  လွှတ်တင်ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် နံနက် ၁၀ နာရီခန့်တွင်  ဘားအံမြို့ဇွဲကပင်ခန်းမတွင် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို ပင့်ဖိတ်ပူဇော်ကန်တော့ကာနေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး မွန်းလွဲပိုင်းမှာ ဘားအံမြို့ မဲဘောင်ကျောင်းကြီးမှာ သံဃာပဝါရဏာဆောင် ရဟန်း၊ သံဃာတော် အပါး ၁၆၀ ခန့်ကို သိမ်ဆင်းလောင်းလှူ၍ ညဦးပိုင်းတွင် ဘားအံမြို့သေဋ္ဌမာရ်အောင်ဘုရားကြီးမှာ ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
 
#YMG/NN #Yangon_Times