#Local_News
Published 4 March 2025

▪️ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်ယဉ်‌ကျေးမှုဌာနသည် အမျိုးသမီးအခွင့်အရေးနေ့ကို စီစဉ်ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

▪️ အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ပံ့ပိုးကူညီပေးထားပြီး မိတ်ဖက်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနက စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း၊ ပြောင်းလဲနေသော ကမ္ဘာကြီး၌ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသည့်အလျောက် ကျား,မတန်းတူညီမျှရေး အရေးကိစ္စမှာလည်း အရေးတကြီးထည့်သွင်းစဉ်းစားရမည့် အရာတစ်ခု ဖြစ်ရာ ယင်းအတွက် အလွှာစုံမှ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော စီးပွားရေးရပ်ဝန်းတစ်ရပ်ကိုလည်းကောင်း၊ နောင်လာမည့် မျိုးဆက်သစ်များ အမွေဆက်ခံနိုင်မည့် ပိုမိုသာယာဝပြောသော ကမ္ဘာကြီးကိုလည်းကောင်း ဖန်တီးတည်ဆောက်နိုင်မည်ဖြစ်‌ကြောင်း သိရသည်။

▪️ ယခုနှစ် အမျိုးသမီးအခွင့်အရေးနေ့ကို အမျိုးသမီးများ၏ လူမှုစီးပွား-ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ အခွင့်အရေးများ မြှင့်တင်ရန်၊ အတွေးအမြင်၊ အသိပညာဖလှယ်မျှဝေသော စကားဝိုင်းများ ဖော်ဆောင်ရန်၊ ရည်ရွယ်သည့်ပန်းတိုင် ရောက်ရှိရေးအတွက် ဝိုင်းဝန်းစဉ်းစားအဖြေရှာရန် အစရှိသည့် ဦးတည်ချက်များအပေါ် လွှမ်းခြုံဖြန့်ကျက်နိုင်သော အမျိုးသမီးအကပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲ၊ ဇာတ်လမ်းပြသမှုနှင့် တိုက်ရိုက်ဂီတဖျော်ဖြေပွဲများ ထည့်သွင်းကာ ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

▪️ အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၅ အစီအစဉ်ကို မတ်လ (၈) ရက်၊ မွန်းလွဲ ၃နာရီတွင်ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကျင်းပသွားမည်ဖြစ်ရာစိတ်ဝင်စားသူ မည်သူမဆို အခမဲ့ ပါဝင်တက်ရောက်နိုင်‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times