#Local_News
Published 30 September 2024


▪️ မလေးရှား၊ လူမှုရေးပရဟိတအသင်းအဖွဲ့များမှ မြန်မာ့ရေဘေးသင့်ဒေသများသို့ လှူဒါန်းသည့်ပစ္စည်းများအား နိုင်ငံတစ်ဝှမ်းရှိ ရေဘေးသင့်ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ အဆိုပါ မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်းအဖွဲ့များမှ မြန်မာနိုင်ငံရှိရေဘေးသင့်ဒေသများသို့ လှူဒါန်းသည့် လှူဒါန်းပစ္စည်းများအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၏ အစီအစဉ်ဖြင့် ပထမအကြိမ်ပေးပို့ခဲ့ကြောင်း သိရသည်။

 

▪️ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းဦးဆောင်သည့် သံရုံးကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်းများမှ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ပွားလျက် ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသည့် လှူဒါန်း ပစ္စည်းများအနက် ပထမအသုတ်အဖြစ်လှူဒါန်းသည့် ကီလို ၅၀၀၀ အား စက်တင်ဘာ၂၈ ရက်နေ့ မနက် ၁၀နာရီခွဲ အချိန်တွင်  မလေးရှားအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ခံရရှိခဲ့ကြောင်းသိရသည်။

 

▪️ အဆိုပါ  လှူဒါန်းပစ္စည်းများတွင် အဝတ်အထည် (လူကြီး/ကလေး)၊ အနွေးထည်၊ ဖိနပ်မျိုးစုံ (လူကြီး/ကလေး) နှင့် စောင်တို့ပါဝင်ပါကြောင်းနှင့် ၎င်းတို့အား မြန်မာ သံရုံး၊ ကွာလာလမ်ပူမြို့ ၏ အစီအစဉ်ဖြင့် စက်တင်ဘာ ၂၈ ရက်နေ့တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။ ထို့အပြင်  လှုဒါန်းပစ္စည်းများအား မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေဘေးသင့်ပြည်သူများ ထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

 

▪️ မြန်မာသံရုံးအနေဖြင့်လည်း လှူဒါန်းပစ္စည်းများအား ဒုတိယအကြိမ် ဆက်လက်ပို့ဆောင် နိုင်ရေးနှင့် မြန်မာနိုင်ငံရှိရေဘေးသင့်ပြည်သူများထံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိစေရေး မလေးရှားနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times