#Local_News
Published 21 March 2025
▪️ ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင် အတာသင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာ စည်ကားသိုက်မြိုက်ပျော်ရွှင်အောင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
▪️ အတာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပသွားမည့်အပြင် ရခိုင်ရိုးရာ စဉ်လာမပျက် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲ၊ သက်ကြီး ပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူပွဲများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားသည်။
▪️ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့၊ အကြိုနေ့မှ ဧပြီလ ၁၆ ရက်နေ့၊ သင်္ကြန်အတက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး နေပြည်တော်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း စည်ကားသိုက်မြိုက်စွာကျင်းပ ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပါရာဂွေးနိုင်ငံ၌ ကျင်းပခဲ့သည့်(၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင်လည်း မြန်မာနိုင်ငံမှ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်သည် ယူနစ်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခွင့်ရရှိခဲ့ရာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင်လည်း ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times