#Local_News
Published 20 May 2025
 
▪️ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်ကင်းရှင်းသည့် တောင်သူ လယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအသစ်များကို ယမန်နေ့က စတင်၍ ထုတ်ချေးပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

▪️ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

▪️ အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော ဖွံ့ဖြိုးရေးချေးငွေ နှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ ယခင် စိုက်ပျိုးစရိတ်ချေးငွေများအား အရင်း၊ အတိုးများပါ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများအား ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် မိုးရာသီစိုက်ပျိုးချိန်အမီ ယမန်နေ့ မေလ ၁၉  ရက်နေ့မှစတင်၍  ယခင်နှစ်နည်းတူတစ်နှစ်လျှင် အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။

▪️ ထို့ကြောင့်  ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၅ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးအကြောင်းကြားပါကြောင်းဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#YMG/NN #Yangon_Times