#Local_News
Published 27 May 2025

▪️ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ဆောင်ရွက်ရန်အတွက် ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ် ပဏာမစူးစမ်းလေ့လာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြမည့်ပူးပေါင်းအဖွဲ့အား စခန်းချအောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

▪️ အခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က  ယခုကဲ့သို့ ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရန်အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း၊ ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းဆွေးနွေးမှုများမှတစ်ဆင့် နယ်ပယ်စုံမှပါဝင်သည့် “စွမ်းအင်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ “University - Industry - Research & Development Tripartite Collaboration” ပုံစံ ဖြင့် ပူးပေါင်းဆောင်ရွက်စေခဲ့ ခြင်းဖြစ်ကြောင်း၊ ယခင်ကကုန်းတွင်းရေနံမြေများ ရှာဖွေဖော်ထုတ်ရာတွင် အနေအထား ဘူမိဗေဒ (Structural Geology) လေ့လာရန်အတွက် ကောင်းကင်ဓာတ်ပုံ (Aerial Photo) များကိုသာ အသုံးပြုခဲ့ရပြီး ယခုအခါ တိုးတက်လာသည့် Remote Sensing နည်းပညာများကို အသုံးပြုပြီး Satellite Image များကို အသုံးပြုလာနိုင်သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေရာတွင် အထောက်အကူပြုလာနိုင်ပြီး ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ယခုကွင်းဆင်းလေ့လာခြင်းသည် ပဏာမစူးစမ်း လေ့လာခြင်း အဆင့်သာဖြစ်ပြီး ဆက်လက်၍ အသေးစိတ် ထပ်မံလေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းလေ့လာမှုများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

▪️ နိုင်ငံအတွင်း၌ ကုန်းတွင်းအနည်ကျချိုင့် ဝှမ်း ၁၄ ခုရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ် ရသေးသည့် အနည်ကျချိုင့်ဝှမ်း ကိုးခုရှိကြောင်း၊ ၎င်းတို့အနက်မှ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)တွင် ယခုကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times