#Local_News
Published  24 February 2025

▪️ ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ ယနေ့မနက်ပိုင်းမှစတင်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။

▪️ "မနက်က ၁၀နာရီကျော်လောက်မှာ မိုးဖွဲလို့ တစ်ခါရွာတယ်၊ အခု ၁၂ နာရီ ‌၄၅ လောက်မှာတစ်ခါ ထပ်ရွာတယ်၊ ဒီတခါတော့ မနက်ကထက် နည်းနည်းများတယ်၊ မိုးလည်းအုံ့မှိုင်းနေတာပဲ" ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။

▪️ အဆိုပါကဲ့သို့ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်းကို မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနအပြင် ပြင်ပမိုးလေဝသစောင့်ကြည့်လေ့လာသူ ပညာရှင်များကလည်း ယခုရက်ပိုင်းအတွင်း သတိပေးထားသည်။

▪️ ထိုသို့ အသိပေးရာတွင်ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ ရက်နေ့အတွင်း
ဒေါ်ငြိမ်းရွာ ၊ကြက်ဖမွေးစောင်း၊ စက်ဆန်း၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်ပိမြို့ ၊ရွှေတောင်မှော်၊ မအူပင်၊ ဒေးဒရဲ၊ ကျိုက်လတ်၊ တွံတေး ၊ကော့မှူး၊ ကွမ်းခြံကုန်း၊ ဝါးဘလောက်သောက် ၊ ဆိပ်ကြီး ခနောင်တို၊ ဒလ ၊ထန်းတပင်၊ ဝါးတစ်ရာ၊ ရွှေပြည်သာ၊ အင်းစိန် ၊လှိုင်သာယာ၊ ရန်ကုန် ၊သံလျင် ၊သီလဝါ၊ တံတားမြို့၊ ကဒ္ဒပန၊ သုံးခွ ၊ခရမ်း ၊ပိန်းကန်း၊ သက္ကလ အုန်းနှဲ၊ ဒါးပိန်၊ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ကြီးလေးကြီး၊ အင်းတကော်၊ လှည်းကူး ၊ဖောင်ကြီး၊ အင်းတိုင်၊ ထောက်ကြံ၊ မှော်ဘီ၊ တိုက်ကြီး၊ ဒေသများမှ မိုးရွာ သွန်းနိုင်သည့် အတွက် သီးနှံစိုက်ပျိုးသူများအားဖျက်မိုးသတိပြုစေလို‌ ကြောင်း  ပြင်ပမိုးလေဝသပညာရှင်စုစုစံက အသိပေးထားသည်။

▪️ ထို့အပြင် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း ယနေ့ညနေအထိခန့်မှန်းချက်အရတနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီးရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်မူ  တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်‌ကြောင်း ယနေ့မနက်ပိုင်းက ထုတ်ပြန်ထားသည်။

▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများမှာမူ  တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။

#YMG/NN #Yangon_Times