#Local_News
Published_22 Jan 2025


▪️ ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ပြုပြင်တည် ဆောက်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေကို အသုံးပြုမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက ပြော သည်။

▪️ ယနေ့ ဇန်နဝါရီလ ၂၁ ရက်က ပြုလုပ်သော ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို အကြမ်းဖက်သောင်း ကျန်းသူများ ဖျက်ဆီးမှုကြောင့် အဆောက် အဦများ ပျက်စီးခဲ့မှု အခြေအနေနှင့် ပြန်လည်ပြုပြင် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအတွင်း ယင်းကအထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

▪️ တက္ကသိုလ်၏ လိုအပ်ချက်များ ကိုက်ညီရန်အတွက် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရ အဖွဲ့တို့အနေဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများစနစ်တကျ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြစေလိုကြောင်းလည်း ယင်းက ပြောသည်။

▪️ ယခုအခါ ကယားပြည်နယ် လွိုင်ကော်ဒေသသည် ပုံမှန်အခြေအနေအတိုင်း ပြန်လည် တည်ငြိမ်အေးချမ်း လာပြီဖြစ်သည့်အတွက် ဒေသခံ တိုင်းရင်း သား ပြည်သူများ အဆက်မပြတ် ပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိပြီး လိုအပ်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

▪️ ယင်းအပြင် ၂၀၂၄-၂၀၂၅ ပညာသင် နှစ်က စပြီး လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ တို့ကို ပြန်လည်ဖွင့်လှစ်ပေးကာဒေသခံ ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ်ပညာသင်ယူမှုအခွင့်အရေးမဆုံးရှုံးအောင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

▪️ ဝိဇ္ဇာ သိပ္ပံဘာသာရပ်များကို သင်ယူဆည်းပူးနိုင်သည့် နေ့သင်တန်းနှင့် အဝေး သင်တက္ကသိုလ်သင်တန်းများ တက်ရောက်ရန် အခက်အခဲ ကြုံတွေ့နေသည့် ကျောင်းသား ကျောင်းသူ ထောင်ပေါင်းများစွာအတွက် “လွိုင် ကော် တက္ကသိုလ် အမြန်ဆုံးပြန်လည် ပြင်ဆင်ဖွင့်လှစ်နိုင်ရေး”ကို ညှိနှိုင်း ဆွေးနွေးပေးကြရမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

▪️ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် လွိုင်ကော်တက္ကသိုလ်၏ ၃ ထပ် ပင်မဆောင် ၊ ၂ ထပ် ဘွဲ့နှင်းသဘင်ခန်းမ၊ ၂ ထပ် စာသင်ဆောင်များ၊ ရေသန့်စနစ်နှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ၂ ထပ် ဆရာ၊ ဆရာမများ ဆောင်၊ အရာရှိ အိမ်ရာ၊ ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာများ၊ ၄ ခန်းတွဲ ၄ ထပ်၊ ၈ ခန်းတွဲ ၂ ထပ် ဝန်ထမ်း အိမ်ရာများ၊ ပါမောက္ခချုပ်နေအိမ်၊ ဒုတိယပါမောက္ခချုပ်နေအိမ်များ၊ ၂ ထပ် ကျောင်းသား ကျောင်းသူဆောင်များ၊ အားကစားရုံနှင့် အားကစားခန်းမ၊ ၂ ထပ် စာကြည့်တိုက်များ၊ ၂ ထပ် ကျောင်းသား ကျောင်းသူနားနေဆောင်ပျက်စီးခဲ့ကြောင်း သိရသည်။

#Yangon_Times/PP