#Local_News
Published_21 Dec 2024
▪️ မြန်မာ- ကမ္ဘောဒီးယားနှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှစ် (၇၀) ပြည့်အခမ်းအနား ကျင်းပနိုင်ရေးကို ယနေ့ဒီဇင်ဘာလ ၂၀ ရက်နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သောသံအမတ်ကြီး H.E. Mr. CHENG Manith က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ပြီးနောက် အထက်ပါအတိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့်ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားအပြန်အလှန် ကုန်သွယ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုတိုးတက်အောင်ဆောင် ရွက်သွားမည့်အခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအပြန် အလှန်ဖလှယ်ရေးနှင့်နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP