#Local_News
Published 1 May 2025

▪️ တိုက်ခန်းတွင်းထားရှိသည့် မီးစက်မှ ထွက်သောမီးခိုးနံ့ကြောင့် မိသားစုလေးဦးလုံးသေဆုံးခဲ့မှု စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ ဖြစ်စဉ်မှာယနေ့ မေလ၁ရက် နံနက် ၁၁နာရီ၄၅ မိနစ်အချိန် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ရွှေလောင်းလမ်း၊ အမှတ်(၄၄) (၄)လွှာ(အေ)အခန်းအတွင်း၌ နေထိုင်သူ လူ(၄)ဦး သေဆုံးနေကြောင်း သတင်းအရ ခရရမှူး ဒုရဲမှူးကြီး ခင်မောင်ဦး ဦးစီးအဖွဲ့၊ မနရမှူးရဲမှူးဝင်းနိုင် ဦးစီးအဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးသူရဆွေ ဦးစီးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်အေးချို(အမှတ်-၄၃၂/ဘီ၊ မုဒိတာအိမ်ရာ၊ ၂-ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်)မှ သားဖြစ်သူ ကိုကောင်းတို့မိသားစုနှင့် ဖုန်းဆက်သွယ် မရရှိမှုမှာ (၂)ရက်ခန့် ရှိပြီ ဖြစ်သဖြင့် ဒေါ်အေးချို မှ ဦးမျိုးထိုက်(အမှတ်-၄၄၊ ရွှေလောင်းလမ်း၊ စမ်းချောင်းမြို့နယ်)နေသူနှင့်အတူ အခန်းသို့ သွားရောက်ကြည့်ရှုခဲ့ရာ အခန်းအားအတွင်းမှ သော့ခတ်ထားသဖြင့် ချိုးဖျက် ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်ကြည့်ရှုစဉ် အခန်းအတွင်း၌ ကိုကောင်း(၃၀)နှစ်(ဘ)ဦးမင်းမင်းဦး၊ ၎င်း၏ ဇနီး မမိုးစန္ဒာ(၂၅)နှစ်(ဘ)ဦးမောင်ရီ၊ သားဖြစ်သူ ကောင်းသက်ပိုင် (၈)နှစ် နှင့် မဝင်းစန္ဓာ(၁၆)နှစ်(ဘ)ဦးခင်မောင်ရီ (မမိုးစန္ဒာ၏ညီမ)တို့(၄)ဦး၊ ခွေး(၁)ကောင်တို့အား သေဆုံး အနံ့များ ထွက်နေသည်ကို တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ပူးပေါင်းအဖွဲ့မှ ကနဦး စစ်ဆေးချက်အရ သေဆုံးသူ (၄)ဦး၌ ပြင်ပ ဒဏ်ရာများ မတွေ့ရှိရဘဲ အခန်းအတွင်း၌ ဆီကုန်နေသော ဓာတ်ဆီသုံး မီးစက်(၁)လုံးနှင့် အဲယားကွန်း တွေ့ရှိခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရဆွေ မှ အခန်းမှာ မှန်လုံခန်း ဖြစ်သဖြင့် မီးစက်အသုံးပြုစဉ် မီးခိုးမွှန်သေဆုံးခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်းနှင့် သေဆုံးသူ (၄)ဦးနှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့ဖြင့်  စိစစ်လျက်ရှိကြောင်း၊ သေဆုံးသူ (၄)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times