#Local_News
Published_22 Oct 2024


▪️ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် စံပြစိုက်ခင်းများစိုက်ပျိုးကြရန် ယနေ့အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄)အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောသည်။

 

▪️ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေးပြန်လည် ဦးမော့လာစေရေးကြိုး ပမ်းဆောင်ရွက်ခဲ့ရာတွင် နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ ကြောင်း၊ သို့သော် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ် ကြောင်း နစက ဥက္ကဌက ပြောသည်။

 

▪️ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး တွန်း အားပေးဆောင်ရွက်လျက်ရှိ သော်လည်း ထိုက်သင့်သလောက် တိုးတက်မှုမရှိသေးကြောင်း၊ သီးနှံများပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် စံပြစိုက်ခင်းများစိုက်ပျိုး၍ စံနမူနာပြဆောင်ရွက်သွားရန် ၊ အလားတူ သီးထပ်စွမ်းအားများ တိုးတက်စေရေး အတွက်လည်း ဆောင်ရွက်သွားရန် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ၎င်းနှင့်ဆက်စပ်သည့် ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာပြီး နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမြင့်မား လာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးအား တိုးတက်လာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း နစက ဥက္ကဌက ပြောကြားခဲ့သည်။

 

▪️ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်နေကြသည့် ပြည်ပနိုင်ငံများ၏နည်း စနစ်များကိုလည်း လေ့လာအတုယူဆောင်ရွက်ကြရန်၊ ပြည်ပပို့ကုန်တို န်တိုးမြှင့်နိုင်ရေး အတွက်လည်း အသီးအနှံများ ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ထုတ်ကုန်များနှင့်ပို့ကုန်များ တိုးမြှင့်လာအောင်ဆောင်ရွက်ကာ ကမ္ဘာပေါ်တွင် စားရေရိက္ခာကို ထုတ်လုပ်သည့်နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ရန်လိုကြောင်းလည်း ယင်းကပြောသည်။

 

▪️ အလားတူသစ်၊ ဝါး၊ ကြိမ်နှင့် အခြားသစ်တောထွက်ပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကိုလည်း ပို့ကုန်ပစ္စည်းများအထိအဆင့်မြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လည်း အခွင့်အလမ်း နှင့်နည်းပညာများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး သစ်တောထွက်ပစ္စည်းများကိုထုတ်ယူပြီးပါက ပြန်လည်စိုက်ပျိုးကြရန်လည်းလိုကြောင်း ဟု နစက ဥက္ကဌက ဆိုသည်။

 

▪️ နိုင်ငံတွင်းရှိ အခြားသော ပြည့်ဖြိုးမြဲ အခြေခံသယံဇာတများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းများ ဖြစ်သော ဥပမာအားဖြင့် သစ်၊ ဝါး၊ ကြိမ်၊ ရာဘာတို့ကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ပြောသည်။

 

▪️ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့အနေဖြင့် ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဦးဆောင်ကြရန် ၊ ပြည်နယ်နှင့် တိုင်းအားလုံးတွင် အထည်လုပ်ငန်းများရှိကြပြီး ချည်နှင့်ပတ်သက်၍ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးဆောင်ရွက်ပေးသွားကြရန်၊ စိုက်ဧကများမှ ထွက်ရှိ လာသည့် ဝါဂွမ်းများမှ အဆင့်မီသည့်ချည်ထည်ပစ္စည်းများ အဆင့်အထိတိုးတက် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှအထည်အလိပ်နှင့်ချည် ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်တွင်း လိုအပ်ချက် ပြည့်မီပါက ပြည်ပသို့လည်းတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဝါနှင့်ပတ်သက်၍ တစ်ခေတ်ဆန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယင်းအပြင်ရော်ဘာထုတ်ကုန်များကို ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

▪️ ယင်းအပြင် စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေး စံပြစိုက်ခင်းများ စိုက်ပျိုး၍ဆောင်ရွက်သွားရန်၊မိုးရာသီ ကာလ အတွင်း စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ဆက်လက်ဆောင်ရွက်သွားရန်၊ မူဝါဒများကို အောက်ခြေ အဆင့်အထိ သိရှိအောင်ဆောင်ရွက်သွားရန်နှင့်ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

 

#Yangon_Times/PP