#Local_News
Published_2 Oct 2024


▪️ မေးခွန်း ၆၈ ခုကို မေးမြန်း ကောက်ယူသည့်နိုင်ငံတစ်ဝန်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိပြီး နစကဥက္ကဌမိသားစုအား သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ ကောက်ယူခဲ့ကြောင်း သိရသည်။

 

▪️ ယနေ့အောက်တိုဘာလ ၁ ရက်တွင်စတင်သည့်အဆိုပါ သန်းကောင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် ၏ မိသားစု လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့က ကာကွယ်ရေးဦးစီး ချုပ် ရုံး(ကြည်း)ဝန်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာသို့ လာရောက်၍ သန်းခေါင်စာရင်းကောက်ယူကြခြင်း ဖြစ် ကြောင်း သိရသည်။

 

▪️ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သန်းခေါင်စာရင်းမေးခွန်းများကို မေး မြန်းဖြည့်စွက်ကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံဖြေကြားခဲ့ကြောင်း၊အလားတူ နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏မိသားစု၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏မိသားစု၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏မိသားစု၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင် စာရင်းများ၊ကောင်စီဝင်ဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတို့ကိုလည်း၎င်းတို့၏ နေအိမ်နေရာများသို့ သွားရောက်၍ စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

 

▪️ ယနေ့မှစတင်၍ နိုင်ငံတစ်ဝန်း၌လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ နိုင်ငံတစ်နိုင်ငံသည် သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသော လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များကိုကဏ္ဍအလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သဖြင့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအလိုက် ၁၀ နှစ်လျှင် တစ်ကြိမ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

▪️ ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ ခုကိုသာ မေးမြန်း ကောက် ယူခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြီးပြည့်စုံစေရေး အတွက် မေးခွန်း ၂၇ ချက်တိုးမြှင့်၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ထပ်မံတိုးမြှင့်ကောက်ခံမည့် အချက်အလက်များမှ ထင်ရှားသောဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်း ဆက်လက် မတက်ရောက်ရသည့်အဓိကအကြောင်းရင်း၊ အိမ်အကြောင်းအရာကဏ္ဍတွင် အမှိုက်စွန့်ပစ်မှုစနစ်၊ သန့်ရှင်းမှုစနစ် စသည်ဖြင့် တိုး မြှင့် မေးမြန်းထားသည်ကို တွေ့ရှိရပြီး ယင်းအချက်များမှာ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတို့တွင် အစိုးရမှမည်ကဲ့သို့ ဖြည့်ဆည်းပေးရမည်ကို သုံးသပ်သည့်မေး ခွန်းများဖြစ်သဖြင့် လက်တွေ့ အသုံးဝင်သည့် အချက်အလက်များပင် ဖြစ်ကြောင်း၊ စာရင်းကောက်ယူသူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ် များသို့လာရောက်စာရင်းကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့် နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း သည် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း ၊ မရှိခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရှိ ခြင်း မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင် ကြောင်း၊ သန်းခေါင်စာရင်း ထည့်သွင်း မကောက်ရမည့်သူများမှအပ သန်းခေါင်စာ ရင်းရည် ညွှန်းချိန်တွင် မြန် မာ နိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သန်း ခေါင်စာရင်းကောက် ယူခြင်း အားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ အခွန် ကောက်ခံခြင်း၊ အရေး ယူခြင်းတို့ကို လုံးဝပြု လုပ်မည်မဟုတ်ကြောင်း၊ သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြား သို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များ အတွက်လည်း စိုးရိမ်ရန် မလိုကြောင်းနှင့်မည်သို့မျှ အရေးယူ မည်မဟုတ်ကြောင်း သိရသည်။

 

#Yangon_Times/PP