#Local_News
Published_15 June 2025

▪️ PDF များက ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား သတ်ဖြတ်၍ ဆရာမ ၁ ဦးအား ဖမ်းဆီးခေါ် ဆောင်သွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

▪️ ဖြစ်စဉ်မှာ ယနေ့ဇွန်လ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း (၄၂)နှစ် သည် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း၌ ခင်ပွန်းဖြစ်သူ ဦးဇော်လတ် (၄၅)နှစ်၊ ညီမဖြစ်သူ မရွှေရည်ဝင်း (၁၉)နှစ်တို့နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၇ ဦးက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့်အတွက် ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာဝင်းနှင့် ဦးဇော်လတ်တို့ ၂ ဦးအား ဝန်ထမ်းလိုင်းခန်းအတွင်းမှ ဆွဲခေါ်ကာ လိုင်းခန်းရှေ့မြေကွက်လပ်၌ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

▪️ အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိအလား အမှတ်(၁၇)အခြေခံပညာ မူလ တန်းလွန်ကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင် (၂၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် ဇွန်လ ၁၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၅ ဦးက သေနတ်များ ကိုင်ဆောင်ကာဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင်အား လက်နောက်ပြန် ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

▪️ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်း ဖြစ်သူတို့အား ရက်စက်စွာသတ်ဖြတ်ခဲ့သူများနှင့် ကျောင်းဆရာမ ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yangon_Times/PP