#Local_News
Published_21 May 2025
▪️ ရွေးကောက်ပွဲကျင်းပပြီးစီးချိန် ၌ အနိုင်ရရှိသည့်ပါတီကို အာဏာလွှဲပြောင်းပေးအပ်ချိန်၌ စနစ်တကျဖြင့် လွှဲပြောင်း ပေးအပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် နစက ဥက္ကဌ ပြောကြားလိုက်သည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့အဖြစ် ကျင်းပသော မေလ ၂၁ ရက်တွင် အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား အထက်ပါအတိုင်းပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
▪️ နိုင်ငံ့အရေးကိုဆောင်ရွက်ခြင်းဖြစ်သဖြင့် နစက အစိုးရတာဝန်ယူဆောင်ရွက်ချိန်မှစ၍ အာဏာရပါတီကို လွှဲပြောင်းချိန်အထိ ပြည်သူများအထင်အမြင်လွဲမှားမှုမရှိစေရေး မိမိတို့ကိုယ်တိုင်နှင့် မိမိတို့လက်အောက်ဝန်ထမ်း များအား စနစ်တကျဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ ယင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ခေတ္တနေရပ်စွန့်ခွာနေရသူများအနေဖြင့် တည်ငြိမ်အေးချမ်းသည့် အချိန်တွင်နေရပ်သို့ ပြန်လည်နေထိုင်နိုင်ရေး တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မီဒီယာများကို ပြောကြားထားပြီး ဖြစ်သည်။
▪️ မြန်မာတစ်နိုင်ငံလုံးတွင် စည်းရုံးမည့် ပါတီ ၉ ပါတီရှိပြီး ယင်းအထဲမှ ပါတီ ၃ ပါတီအနေဖြင့် သတ်မှတ်ရုံးခန်းအရေအတွက် ဖွင့်လှစ်ထားနိုင်ပြီး ရုံးခန်းမဖွင့်လှစ်နိုင်သေးသည့် ပါတီ ၆ ပါတီရှိပြီးတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၄၅ ပါတီရှိသည့်အနက် ၁၉ ပါတီ တွင် သတ်မှတ်ရုံးခန်းအရေအ တွက် ဖွင့်လှစ်ထားနိုင်ပြီး ရုံးခန်းမဖွင့်လှစ်နိုင်သေးသည့် ပါတီ ၂၆ ပါတီရှိကြောင်း သိရသည်။
▪️ သတ်မှတ်ရုံးခန်း မဖွင့်လှစ်ရသေးသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ သတ် မှတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ သတ်မှတ် ရုံးခန်း ပြည့်မီနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် လျာထားကြောင်းလည်း သိရသည်။
#Yangon_Times/PP