#Local_News
Published 21 May 2025
▪️ သတင်းပေးတိုင်ကြားသူများရှိခဲ့သည့်အတွက် တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၄၀၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့ မှတ်တမ်းများ အရ သိရသည်။
▪️ နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး ဒေသအလိုက် ဖိဖိစီးစီးကြပ်မတ်ဆောင်ရွက်သွားကြရန် ၊ တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ မှန်ကန်သည့် သတင်းပေးတိုင်ကြားမှုများရရှိစေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားကြရန်၊ တရားမဝင်ကုန်သွယ်မှုများကို သတင်းပေးတိုင်ကြားမှုများကြောင့် ယနေ့အထိ အမှုတွဲပေါင်း ၄၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး သတင်းပေးတိုင်ကြားသည့် တာဝန်သိပြည်သူများကိုလည်း ထိုက် တန်သည့်ချီးမြှင့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ အစည်းအဝေးတွင် နစက ဥက္ကဌ ပြောကြားခဲ့သည်။
▪️ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ စိုက်ပျိုးရေးစွမ်းအား၊ ကုန်ထုတ်စွမ်းအားနှင့် ကုန်သွယ်မှုကူးသန်းရောင်းဝယ် မှုများ တိုးတက်ကောင်းမွန်စေရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုသက်ဆိုင်ရာအစိုးရများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ အကောင်အထည်ဖော်ဆောင် ရွက်သွားကြရန်လိုကြောင်း အဆိုပါ အစည်းအဝေးတွင် ယင်းကပြောကြားခဲ့သည်။
▪️ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP