#LocalNews
Published - 4 June 2022

 

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ ၁၃၀ ကျော်နှင့် ဒါရိုက်တာအဖွဲ့ဝင်များကို Blacklist စာရင်း ထပ်မံထည့်သွင်းကြောင်း ဗဟိုဘဏ်မှ ဇွန်လ ၃ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှရငွေများ ရနိုင်ရန်အတွက် ပို့ကုန်တင်ပို့သူသည် ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ သုံးလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ရန်သတ်မှတ်ထားကြောင်း သိရသည်။

 

သို့သော် ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရ ငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့်ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်း၊ အစည်းအဝေးများ ပြုလုပ်ပြီး ဆွေးနွေးခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ပို့ကုန်ရငွေပြန်လည် ဝင်ရောက်ရန် ကျန်နေသည့် ကုမ္ပဏီ (၁၃၇)ခု ရှိ ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းကြောင့် အဆိုပါကုမ္ပဏီ (၁၃၇)ခုကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ ကအရ အ ရေးယူဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများနှင့် ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များအား Blacklist စာရင်းထည့်သွင်းကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။

 

အဆိုပါကိစ္စနှင့် စပ်လျဥ်း၍ ယခင်ကကုမ္ပဏီ (၁၇၇) ခုနှင့် ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို blacklistစာရင်း ထည့်သွင်းထားခဲ့ကြောင်း၊ ယင်းကြောင့် ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ရှိ နေသေးသည့် ကုမ္ပဏီများကိုလည်း ဆက်လက်အရေးယူနိုင်ရန် စိစစ်နေကြောင်းလည်း သိရသည်။

 

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခံရသော ကုမ္ပဏီများထဲမှ စာရင်းရှင်းလင်းပြီးသော ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသော အခကြေးငွေ ပေးဆောင်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်အသစ် ပြန်လည်လျှောက်ထားရန် ကုန်သွယ်ရေးဦးစီးဌာနမှအသိ ပေးထုတ်ပြန်ထားသည်။

 

ymg/sth
#Yangon_Media_Group