#LocalNews
Published_4 June 2022

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်ကုန်ပေါင်ကျေးရွာတွင် အမျိုးအဆွေရွာလည်ပွဲကို ယနေ့ဇွန်လ ၄ ရက် တွင် စတင်ကျင်းပနေပြီ ဖြစ်ကြောင်း သိရသည်။

 

မနက်ဖြန် ဇွန်လ ၅ ရက်ထိ ကျင်းပမည့် အဆိုပါပွဲတော်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီထိ အချိန်သတ်မှတ်ထားကာ အမျိုးအဆွေရွာလည်ပွဲ စတင်ကျင်းပသည့်နေ့တွင် ရွာတောင်ပိုင်းမှရွာသူ၊ ရွာသားများက ရွာမြောက်ပိုင်းသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး မနက်ဖြန်တွင် ရွာမြောက်ပိုင်းမှ ရွာသူ၊ ရွာသားများက ရွာတောင်ပိုင်းသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း၊ ယနေ့စတင်လည်ပတ်ကြသည့် ရွာတောင်ပိုင်းသားများအား မြောက်ပိုင်းသားများက ယာဂု ၊ မုန့်လုံးရေပေါ်၊ ထမင်းများဖြင့် ဧည့်ခံကျွေးမွေးကြကြောင်းလည်း သိရသည်။

သွားရောက်လည်ပတ်ကြရာ၌ ဝတ်စုံများကို ဟာသပုံစံဖြစ်စေရန် ဒီဇိုင်းထုတ်ချုပ်လုပ်ကြကြောင်း၊ ယခုနှစ်တွင် ကိုရီးယားဝတ်စုံပုံစံကိုလည်း တွေ့ရကြောင်း ဒေသခံများက ပြောသည်။

 

အဆိုပါ အမျိုးအဆွေရွာလည်ပွဲမှာ ဘိုးဘွားအစဉ်အလာအရ အစဉ်အဆက်မပျက်ကျင်းပခဲ့သော ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး မိုးရာသီလုပ်ငန်းခွင်ဝင်ရာ၌ အဆင်ပြေစေရန်၊ သီးနှံအထွက်တိုးရန်နှင့် ကျေးရွာသူ ကျေးရွာသားများလည်း စည်းလုံးညီညွတ်မှုနှင့် စိတ်ဝမ်းကွဲပြားမူမရှိစေရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
Photos - Ko Ko Naing
#Yangon_Media_Group