Published_ 1 December 2023

မြန်မာ-ရုရှား နည်းပညာကဏ္ဍ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး “Aquarius Day” ဖိုရမ်ကို နိုဝင်ဘာ ၃၀ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖိုရမ်ကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်း အချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် Aquarius နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များအား ပိုမိုနားလည်စေရန်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ ကျင်းပတာ ဖြစ်ပါတယ်။

အခမ်းအနားတွင် နစကအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယနေ့ “Aquarius Day” ဖိုရမ်အခမ်းအနားကို မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ ပြောပါတယ်။

“Aquarius Day” ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရန် ကြိုးပမ်းကြရမယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ တိုးတက်လာစေရေး ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Iskander Azizov က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု နိုင်ရေးအတွက် Aquarius ကုမ္ပဏီအပါအဝင် ရုရှား IT ကုမ္ပဏီများအနေဖြင့် နည်းပညာ ဖလှယ်မှုများ၊ IT Solution အတွေ့အကြုံများနှင့် ထုတ်ကုန်များအကြောင်းကို ပိုမိုနားလည် စေရန်ရည်ရွယ်ပြီး ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ထို့ပြင် Aquarius နည်းပညာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Vladimir Stepanov က လွတ်လပ်၍ ရေရှည်တည်တံ့သော ရုရှား-မြန်မာ နိုင်ငံတကာ နည်းပညာပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
#Yangon_Times #Yangon_Media_Group #YMG_News