#Local_News
Published_25 November 2022

မြန်မာ့အကောက်ခွန်နှုန်း စာရင်းရှိ တိုးမြှင့်ကောက်ခံမည့် ဆေးဝါး ၂၁ မျိုးနှင့် အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည့် ဆေးဝါးများမှအပ ကျန်ဆေးဝါးများကို အကောက်ခွန်နှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် စည်းကြပ်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

 

ယင်းအပြင် ဆေးဝါးအချို့ အခွန်ကင်းလွတ်ခွင့်ပေးထားသော်လည်း ဈေးကွက်အတွင်းရှိ ဆေးဝါးဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း ဝယ်ယူသုံးစွသူများထံမှ သိရသည်။

 

“ကျွန်မတို့က ဆေးကိုပြတ်လို့မရဘူး ဆီးချိုသမားဆိုတော့။ အမြဲတမ်းဝယ်နေရတာ။ တစ်ခေါက်နဲ့ တစ်ခေါက် ဝယ်လိုက်တိုင်းမှာလည်းဈေးကကျမလာဘူး။ တတ်တတ်လာတယ်။ ဈေးကအမြဲတမ်းတတ်နေတော့ အဆင်မပြေဘူး”ဟုဆေးဝါးဝယ်ယူသူ မထက်ထက်လွင်က ပြောသည်။

 

ပြည်ပမှ တင်သွင်းလာသောအခွန်ကင်းလွတ်ခွင့်ရရှိသည့် ဆေးဝါး ၁၈ မျိုးမှာ အက်စ်ပရင်ဆေးပြား၊ ပါရာစီတမောလ် ၊ ကလိုဖယ်နီရာမင်း၊ ဒိုင်ရာဇီပင်၊ မယ်ဗင်ဒါဇော၊ ဂျင်တာမိုင်စင်၊ မက်ထရိုနိုင်ဒါဇော၊ ပရိုပယ်နာလော၊ ဓာတ်ဆားရည်၊ ကလိုပရိုမာဇင်း၊ ဆယ်(လ)ဗြူတာမော၊ ဂလူးကို(စ်)+ဓာတ်ဆားရည် အကြောသွင်းဆေး၊ ရီဖင်ပီဇင်၊ အီသမ်ဗြူတော၊ အိုင်ဆိုနိုင်ရာဇိုက်၊ ဖရူဆီမိုက်၊ ဒိုင်ဂေါ့ဆင်း နှင့် ပရက်(စ်)နီဆလုံး ဆေးဝါးတို့ဖြစ်ကြောင်းသိရသည်။

 

#ymg/sth
#Yangon_Media_Group